သီရိလင်္ကာနိုင်ငံ၌ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပေါ်

ကိုလံဘို   ဩဂုတ်   ၅

သီရိလင်္ကာနိုင်ငံတစ်ဝန်း၌ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့်  မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး ခုနစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နိုင်ငံ၏ ဒေသအများအပြားရှိ နေအိမ်များ၊ လယ်ယာမြေများနှင့် လမ်းမများတွင်  ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် နိုင်ငံအလယ်ပိုင်းဒေသရှိ တောင်တန်းဒေသများ၌ ပြင်းထန်စွာထိခိုက်ခံစားခဲ့ရသည်။

မြေပြိုကျမှုများအတွင်း မြေပိမိ၍ အနည်းဆုံး ငါးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ  ရေကြီးရေလျှံမှုများကြောင့် သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့ရပြီး လူပေါင်း ၃၅၀၀ ခန့်မှာ ဘေးလွတ်ရာဒေသများသို့ ရွှေ့ပြောင်းခိုလှုံခဲ့ကြရသည်။

ရေဘေးသင့်ဒေသများတွင် ပိတ်မိနေသော ဒေသခံများကို ကယ်ဆယ်ရန်အတွက်   ရေတပ်နှင့် ကြည်းတပ်မှ  တပ်ဖွဲ့ဝင်များကို စေလွှတ်ထားသည်။

လူပေါင်း ၆၄၀ ကျော်၏ အသက်ကို ဆုံးရှုံးစေခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ‘ဒစ်ဝါ’ကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကြုံတွေ့ခဲ့ရသော ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ထပ်မံကြုံတွေ့နေရခြင်း ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်