လွိုင်ကော် ဩဂုတ် ၅
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေ ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်း မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ထိုကဲ့သို့ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နေသည့် လွိုင်ကော်မြို့ ပန်ကန်းတိုးချဲ့ရပ်ကွက်ရှိ ဦးသန်းထိုက်၏ ဥစားကြက်မွေးမြူရေးခြံကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးသည်။
ကြည့်ရှုစဉ် ပြည်နယ်အတွင်း စားရေရိက္ခာ ဖူလုံရုံသာမက ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်၊ မွေးမြူရေးခြံများတွင် ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် မှုံပြာကျေးရွာ မြို့မ အုပ်စုရှိ တောင်သူဦးထွန်းအောင် ၏ ကွင်းအမှတ်(၁၄၃)၌ ရွှေရင်အေး မိုးစပါး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု၊ ကျေးရွာအခြေခံ ပညာမူလတန်းကျောင်း၌ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှု အားပေးသည်။
ထို့အတူ အမှတ်(၇) တပ်မတော် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် စစ်သည်များကိုလည်း သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


