ဝါရှင်တန် ဩဂုတ် ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လာရောက်ရန်စီစဉ်ထားသည့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဂေါက်ကွင်းတစ်ခု၌ လက်နက်ကိုင်ဆောင်ထားသည့် သံသယရှိသူတစ်ဦးကို အမေရိကန်အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းသံသယရှိသူကို သမ္မတထရမ့် ရောက်မလာမီ နှစ်ရက်အလိုတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Trump National ဂေါက်ကွင်းတွင် သံသယဖြစ်ဖွယ် လူတစ်ဦးရှိနေကြောင်း ဖက်ဒရယ်အေးဂျင့်များက ဩဂုတ် ၂ ရက်တွင် အကြောင်းကြားခဲ့သည်ဟု လော့စ်အိန်ဂျလိစ်ခရိုင်ရှိ တရားဥပဒေစိုးမိုးရေး အရာရှိများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
သံသယရှိသူသည် ဂေါက်ကွင်းအတွင်း လှည့်လည်သွားလာပြီး ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ကူးကာ လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာနေပုံရကြောင်း ၎င်းတို့က ပြောကြားသည်။
အသက် ၃၈ နှစ်အရွယ် အဆိုပါအမျိုးသားကို ရှာဖွေစစ်ဆေးခဲ့ရာ ၎င်း၏ ဘောင်းဘီအိတ်ကပ်ထဲတွင် ကျည်ဆန်များကို တွေ့ရှိခဲ့ပြီး ၎င်း၏ကားအတွင်းတွင်လည်း ပစ္စတိုသေနတ်တစ်လက်ကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လျှို့ဝှက်စွာ သေနတ်ကိုင်ဆောင်ထားမှုနှင့် အခြားပြစ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ၎င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
သမ္မတထရမ့်က ရီပတ်ဘလစ်ကန်ပါတီ၏ အစည်းအဝေးတစ်ခု တက်ရောက်ရန် ဩဂုတ် ၄ ရက်တွင် အဆိုပါ ဂေါက်ကွင်းသို့ လာရောက်ခဲ့သည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ သမ္မတလုံခြုံရေးအဖွဲ့နှင့် အခြားသော ဖက်ဒရယ်အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဩဂုတ် ၃ ရက်တွင် ၎င်းအမျိုးသား၏နေအိမ်ကို ရှာဖွေစစ်ဆေးခဲ့ရာ သေနတ်များ၊ ကျည်ကာအင်္ကျီနှင့် ပြည်သူ့လုံခြုံရေးခြိမ်းခြောက်မှုဆိုင်ရာ အကြောင်းအရာများပါဝင်သည့် မှတ်စုစာအုပ်များစွာကို သိမ်းဆည်းရမိခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။ သို့သော် ၎င်းတို့အနေဖြင့် မှတ်စုစာအုပ်များတွင် ပါဝင်သည့်အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


