နေပြည်တော် ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီးရေကျော်စီးဝင်ခြင်းကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ခြောက်ရွာနှင့် ကျုံပျော်မြို့နယ်မှ နှစ်ရွာ စုစုပေါင်း ၁၀၆ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
အဆိုပါ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ခြောက်ရွာနှင့် ကျုံပျော်မြို့နယ်မှ နှစ်ရွာ စုစုပေါင်း ၁၀၆ ရွာရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးကူညီကယ်ဆယ်ရေး စခန်း ၁၃ ခု ဖွင့်လှစ်ထားရှိပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှု ကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်း အိတ်များချခြင်း၊ ရေရှိန်တားပြုလုပ်ခြင်း၊ ရေကာတာ တာပေါင်မြေဖို့ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


