ပခုက္ကူ ဩဂုတ် ၅
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပခုက္ကူတက္ကသိုလ် ဥပဒေပညာဌာနမှ နေ့သင်တန်းကျောင်းသား ကျောင်းသူများ၏ လောင်းကစားဥပဒေပုဒ်မ ၁၈(က)နှင့်ပတ်သက်၍ သရုပ်ပြ တရားရုံး (စာတွေ့လက်တွေ့ပေါင်းစပ်ခြင်း)ကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။
ဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်က အမှာစကား ပြောကြားသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ် ဥပဒေပညာဌာနမှ နေ့သင်တန်း ကျောင်းသား ကျောင်းသူများက တရားသူကြီး၊ တရားလို၊ တရားပြိုင်၊ ရှေ့နေနှင့် သက်သေများအဖြစ် အခန်းကဏ္ဍအလိုက် လောင်းကစား ဥပဒေပုဒ်မ ၁၈(က)ကို အခြေခံ၍ တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း အမိန့်ချမှတ်သည်အထိ သရုပ်ပြတရားရုံးလုပ်ငန်းစဉ်များကို ခွဲဝေသရုပ်ဆောင်ကြသည်။
အဆိုပါအခမ်းအနားတွင် ပခုက္ကူကတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုတင်၊ ခရိုင်/ မြို့နယ် တရားသူကြီး၊ ခရိုင်/မြို့နယ်ဥပဒေအရာရှိ၊ ပခုက္ကူရှေ့နေများအသင်း၊ မြို့နယ်အတွင်းရှိရှေ့နေများ၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


