နေပြည်တော် ဩဂုတ် ၅
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများ၊ အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင် ပြည်ပနိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်အခြေချနေထိုင်ခြင်း မရှိစေရေးအတွက်လည်း အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) အုပ်စု ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး ရှောင်ကွင်းလမ်းအား ယနေ့ နံနက် ၄ နာရီခန့်တွင် ရှောင်တခင် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား စစ်ဆေးမေးမြန်းချက်အရ ဝမ်ပုံကျေးရွာအနီးတွင် တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်၍ ခိုအောင်းနေထိုင်သော တရုတ်နိုင်ငံသားများရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် ဝမ်ပုံကျေးရွာ ၏တောင်ဘက် မီတာ ၄၆၀၀ ခန့် အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ၂၀ ကိုလည်း ကောင်း၊ အဆိုပါနေရာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦးအားလည်းကောင်း ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သဖြင့် တရုတ်နိုင်ငံသား အမျိုးသား ၄၀၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄၁ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံ သား ၄၁ ဦးအား သက်ဆိုင်ရာတွင် ထိန်းသိမ်းထားရှိပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/ ၁၃(၁) အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


