ဒဂုံမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော

ရန်ကုန် ဩဂုတ် ၅

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများအား ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောသည်။

 

ဟောပြောပွဲတွင် ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်စေသော ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများနှင့် ကျန်းမာရေး ကောင်းမွန်သည့် လူနေမှုပုံစံများကို အသိပညာပေး ဟောပြောသည်။

 

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား သန်ချဆေး တိုက်ကျွေးခြင်း၊ အလယ်တန်း ကျောင်းသူများအား သံဓာတ်အားဆေးများ တိုက်ကျွေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်စေရန် ကျောင်းဝင်းအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်များ ပြုလုပ်ခြင်းနှင့် စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့် သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဉာဏ်မင်းပြည့် (ပြန်/ဆက်)