မုံရွာ ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းဆိပ်ကမ်းရှိ လွန်းကျင်းများတွင် မော်တော်အသစ် ရိုက်သည်ထက် အဟောင်းပြင်သည့်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေကြရကြောင်း သိရသည်။
“ချင်းတွင်းမြစ်ထဲ ကုန်စည်စီးဆင်းမှု လိုအပ်ချက်ကို ဖြည့်ဆည်းတာ မော်တော်စင်းရေ ပြည့်မီသလောက် ရှိနေပါပြီ။ မော်တော်အသစ် ရိုက်တာထက် အဟောင်းပြင်တဲ့လုပ်ငန်း ဆောင်ရွက် နေကြရပါတယ်။ အခက်အခဲ အနည်းငယ်တော့ ရှိပါတယ်။ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက် နေပါတယ်”ဟု မုံရွာမြို့ သုခဓနလွန်းကျင်း တာဝန်ခံ ကိုဇေလင်းမောင်က ပြောသည်။
မုံရွာမြို့တွင် လွန်းကျင်းသုံးခုရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများမှ မော်တော်လုပ်ငန်းရှင်များ လာရောက် အလုပ်အပ်နှံ ဆောင်ရွက်ကြသည်က များပြီး လွန်းကျင်းများက မော်တော်များ ရိုက်ပေးနေသည့်အတွက် ချင်းတွင်းမြစ်ကို မှီခို ရောင်းဝယ်နေကြသည့် ကုန်စည်များ စီးဆင်းမှုသည် ပိုမိုမြန်ဆန်လာကြောင်း သိရသည်။
“အရင်က မုံရွာမှာ လွန်းကျင်း မရှိတဲ့အတွက် မော်တော်အသစ် ရိုက်တာဖြစ်ဖြစ်၊ ပြင်တာဖြစ်ဖြစ် မန္တလေးနဲ့ အခြားမြို့တွေမှာ သွားရောက် ဆောင်ရွက်ရပါတယ်။ နှစ်နှစ်တစ်ခါ၊ သုံးနှစ်တစ်ခါ မော်တော်ကြံ့ခိုင်မှု စစ်ဆေးတဲ့အခါ ဒေါက်တင်စစ်ဆေးရပါတယ်။ ဒေါက်တင်တဲ့အခါ အခြားမြို့ကို သွားရောက် ဆောင်ရွက်ရတယ်။ ကုန်ကျစရိတ်ပိုများတယ်။ အဓိက ကုန်ကျစရိတ်က သွားလာစရိတ်၊ နေထိုင်စရိတ်တွေ တက်သွားတဲ့အတွက် အခုမုံရွာမှာတင်ရိုက်လို့ရတဲ့အတွက် အများကြီးသက်သာ ပါတယ်”ဟု မုံရွာမြို့ သုခဓန လွန်းကျင်းတာဝန်ခံ ကိုဇေလင်းမောင်က ပြောသည်။ ကုန်ကျစရိတ် တွေများ၍ လိုအပ်ချက်များ ရှိလာရာ အဆိုပါလိုအပ်ချက်များနှင့်အတူ တောင်းဆိုမှုများ ရှိလာသည့်အတွက် မုံရွာမြို့တွင် လွန်းကျင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သုခဓနလွန်းကျင်း တည်ထောင်သူ ဦးမျိုးဝင်း (အောင်မြသန်း)ထံမှ သိရသည်။
မုံရွာမြို့သုခဓနလွန်းကျင်းတွင် ဆေးသုတ်ဆရာ၊ ပန်းပဲဆရာ၊ လက်သမားဆရာ၊ စက်ပြင်ဆရာ စသည့် ကဏ္ဍအသီးသီးမှ လုပ်သား ၅၀၀ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)


