သန္တာဝင်း
ရော်ဘာပင်သည် မြန်မာနိုင်ငံသို့ ၁၈၇၆ ခုနှစ်တွင် တနင်္သာရီတိုင်း မြိတ်မြို့သို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စီးပွားဖြစ်စတင်စိုက်ပျိုးခဲ့ပါသည်။ ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းအတွက်သာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနေရ၍ စီးပွားရေးအရလည်း အရေးပါသော စက်မှုကုန်ကြမ်းသီးနှံဖြစ်ပါသည်။
ရော်ဘာကို တာယာမျိုးစုံ၊ လက်အိတ်မျိုးစုံ၊ ပူဖောင်း၊ သားရေကွင်းမျိုးစုံ ၊ ဖိနပ် စသည်ဖြင့် ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အဓိကအသုံးပြုကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်အရ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရော်ဘာစိုက်ပျိုးပြီး ဧရိယာ ဧက ၁ ဒသမ ၆၄ သန်းရှိလာပြီ ဖြစ်ပါသည်။
ထိုသို့တိုးတက်စိုက်ပျိုးလျက်ရှိရာတွင် ရော်ဘာခင်းသစ် တိုးချဲ့စိုက်ပျိုးမည့်ခြံရှင်များ၊ ရော်ဘာပင်အို ခုတ်လှဲထားသည့်နေရာတွင် ပြန်စိုက်လုပ်ငန်း ဆောင်ရွက်မည့်ခြံရှင်များ နှစ်စဉ်ရှိနေကြပါသည်။ အဆိုပါ ခြံရှင်များအနေဖြင့် ယခုလိုစိုက်ပျိုးချိန်ကာလတွင် စိုက်ပျိုးမှုအောင်မြင်ပြီး အစေးထွက်ကောင်းစေရန် အခြေခံအရေးအကြီးဆုံး အဆင့်ဖြစ်သည့် အရည်အသွေးကောင်း ဖူးဆက်ရော်ဘာပျိုးပင်များကို ရွေးချယ်စိုက်ပျိုးကြရန်နှင့် ကိုယ်တိုင်ပျိုးခင်း တည်ထောင်စိုက်ပျိုးမည့်သူများအနေဖြင့်လည်း ပျိုးခင်းတည်ထောင်ခြင်း အဆင့်ဆင့်ကို သိရှိလိုက်နာဆောင်ရွက်ကြရန် အရေးကြီးပါသည်။
“ရော်ဘာပျိုးပင်” တိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှု
အရည်အသွေးကောင်းမွန်သော ရော်ဘာမျိုး ကောင်းမျိုးသန့် အဖူးကူးပင်များကို ပျိုးခင်းတွင် ပျိုးထောင်ပြီးမှ စိုက်ပျိုးရပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုမှာ ခြောက်သွေ့ကာလများပြီး မိုးရာသီကာလမှာ တိုတောင်းသဖြင့် ရော်ဘာစိုက်ပျိုးရှင်သန်ဖြစ်ထွန်းရန်နှင့် အပင်ညီညာပြီး စံချိန်မီသန်စွမ်းသောပျိုးပင်များ စိုက်ပျိုးချိန်မီ ထုတ်လုပ်ရန် လိုအပ်ပါသည်။ စိုက်ပျိုးချိန်တွင် ရွက်ဖုံနှစ်ဖုံမှ သုံးဖုံရင့် ဖူးဆက်ပျိုးပင်ရရှိရန်အတွက် တစ်နှစ်ခန့်ကြိုတင်၍လည်းကောင်း၊ ရော်ဘာမျိုးကိုင်းပွားခင်းကို နှစ် နှစ်ခန့် ကြိုတင်၍လည်းကောင်း အဆင့်ဆင့်သော “ပျိုးခင်း” လုပ်ငန်းများကို ရာသီအလိုက် စနစ်တကျ ဆောင်ရွက်သွားရပါမည်။
စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ခြံများတွင် ရော်ဘာမျိုးကိုင်းပွားခင်းများ တည်ထောင်ထားရှိပြီး ပျိုးခင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖူးဆက်ရော်ဘာပျိုးပင်များ ထုတ်လုပ်ခြင်း၊ ရော်ဘာစိုက်ပျိုးရန် ဝယ်ယူလိုသူများထံ ဖြန့်ဖြူးရောင်းချပေးခြင်းများ နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကိုယ်တိုင် ပျိုးခင်းတည်ထောင် စိုက်ပျိုးလိုသူများအနေဖြင့်လည်း ပျိုးပင်များထုတ်လုပ်နိုင်ရန် မျိုးစေ့ဥပဒေနှင့်အညီ ရော်ဘာပျိုးခင်းမှတ်ပုံတင်ခြင်းအား စိုက်ပျိုးရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ရော်ဘာပျိုးပင်များကို နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ခုစလုံးမှ တစ်ပြိုင်တည်း တိုးချဲ့ထုတ်လုပ်သွားနိုင်ရန် ဖြစ်ပါသည်။
“ရော်ဘာပျိုးခင်း”တည်ထောင်ခြင်းအဆင့်ဆင့်
၁။ မြေနေရာရွေးချယ်ခြင်းနှင့် ပျိုးခင်းမြေပြုပြင်ခြင်း
ရော်ဘာပျိုးခင်းပြုလုပ်ရာတွင် ပထမဦးစွာ မြေရွေးချယ်မှုကို အထူးဂရုစိုက်ရပါမည်။ ရေမဝပ်သောမြေ၊ အာဟာရဓာတ်ကောင်းသောမြေညီ၊ မြေပြန့်များမှာ ရော်ဘာကြီးထွားရန် သင့်တော်ပါသည်။ မြေသားဒု ၁၈ လက်မရှိ၍ သဲမဆန်လွန်း၊ မစေးလွန်းသော မြေဩဇာထက်သန်သည့် မြေ၊ စိမ့်မစွဲ သောမြေ၊ ရေသွင်းရေထုတ်လွယ်ကူသောမြေ၊ နွေရာသီတွင် ရေလုံလောက်စွာရရှိသော မြေနေရာ၊ စိုက်ပျိုးမည့် စိုက်ကွက်နှင့် နီးသောနေရာ၊ ရောဂါ ပိုးမွှားမကူးစက်ရန် ရော်ဘာပင်အိုများနှင့် ဝေးသောနေရာ၊ လောင်းရိပ်မရှိသောနေရာ လမ်းပန်းဆက် သွယ်ရေးကောင်းမွန်သောနေရာ ဖြစ်ရပါမည်။
ပျိုးခင်းမြေ ပြုပြင်ခြင်းနှင့် ပတ်သက်၍ မြေပေါင်ပျိုးခင်းပြုပြင်ခြင်း၊ ပလတ်စတစ်အိတ် ဖြင့်ပျိုးခင်းမြေပြုပြင်ခြင်း၊ တောရိုင်းမြေဖြစ်ပါက တောခုတ်၊ မီးရှို့၊ ကျွန်းကောက်၊ ငုတ်ထုတ်ခြင်းလုပ်ငန်းများကို ဧပြီလတွင် အပြီးဆောင်ရွက်ပေး ထားရပါသည်။ ပြန်စိုက်ခြံဖြစ်ပါက ငုတ်ထုတ်၊ မြက်ရှင်းခြင်းကို ဧပြီလအပြီး ဆောင်ရွက်ရပါမည်။ ပျိုးခင်းမြေ ပြုပြင်ခြင်းလုပ်ငန်းကို မျိုးစေ့မကြွေမီ တစ်လအလိုတွင် အပြီးဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
၂။ မျိုးစေ့အစို့ဖောက်ခြင်း
ရော်ဘာမျိုးစေ့အစို့ဖောက်ရာတွင် အစို့ဖောက် တဲအကျယ်ကို မျိုးစေ့ ၁၀၀ လျှင် တစ်ပေပတ်လည်နှုန်းဖြင့် ပေါင်အကျယ် လေးပေနှင့် သဲ ၄-၆ လက်မ အထူ ပေါင်အရှည်ကို လိုသလောက်ထားရန်၊ အသုံးပြုသည့်မြေမှာ မြစ်သဲကြမ်းသည် အကောင်းဆုံးဖြစ်ပြီး မရရှိနိုင်ပါက စက်ဖွဲပြာ၊ လွှစာမှုန့်ကိုလည်း အသုံးပြုနိုင်ပါသည်။
ပိုးမွှားများဖျက်ဆီးမှုကာကွယ်ရန် ပေါင်တွင် ပုရွက်ဆိတ်ဆေးမှုန့် တစ်မျိုးမျိုးကို ကြိုတင်ဖြူးထားရပါမည်။ မျိုးစေ့ရွေးချယ်ရာတွင် အရည်အသွေးကောင်းပြီး ရောဂါကင်းသော မျိုးစေ့များကိုသာ ရွေးချယ်အသုံးပြုသင့်ပါသည်။ မျိုးစေ့ကိုလိပ်ကျော ကုန်းပေါ်ရုံမြှုပ်၍ အပေါ်မှ သဲပါးပါးဖြူးခြင်း၊ ရေအစို ဓာတ်ချိန်ဆ၍ ရေကြာပုံးဖြင့် ဖျန်းပေးရန်လိုအပ်ပါသည်။ ၇ ရက်မှ ၂၁ ရက်အတွင်း ပေါက်သော မျိုးစေ့အညှောင့် ခရေပွင့်အရွယ်မှစ၍ ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပါသည်။
၃။ လက်ခံပင်ပြောင်းရွှေ့စိုက်ပျိုးခြင်း
မြေပေါင်ပျိုးခင်း ပြုလုပ်ရန်အတွက် နှစ်ပေအကျယ်ပေါင်ပေါ်တွင် တစ်ပေအကျယ် စိုက်တန်း နှစ်တန်း၊ တစ်ပင်နှင့်တစ်ပင် ခြောက်လက်မ (သို့) ကိုးလက်မ ဖိုခနောက်ပုံစံ ဖြစ်ရပါမည်။ ပေါင်းမြက်ရှင်းခြင်း၊ အစိုဓာတ်ထိန်းခြင်းနှင့် ခြောက်သွေ့ကာလ နံနက်၊ ည ရေမှန်မှန် လောင်းပေးရပါမည်။ မြေဩဇာကျွေးခြင်းအား အပင်တစ်လသားမှစ၍ အပင်တန်းနှစ်တန်းကြား အရှည်သုံးပေတွင် ပထမလ နှစ်အောင်စ နောက်ပိုင်း လေးအောင်စနှုန်း ကျွေးပေးရပါမည်။ ပင်လီ၊ ပင်ကျပ်များကို လစဉ်မှန်မှန် သုံးလအထိ ဖယ်ရှားပေးရပါမည်။
ပလတ်စတစ်ပျိုးအိတ် ပျိုးခင်းပြုလုပ်ရန်အတွက် အစို့ဖောက်မျိုးစေ့အား၊ အစို့ဖောက်ပေါင် အတိုင်းမျိုးစေ့မြှုပ်ပေးခြင်း၊ ပျိုးပင်ရွှေ့စိုက်ခြင်း၊ တစ်ရက်ခြားစစ်ဆေးခြင်း၊ တစ်လအတွင်း သေပင် အပြီးဖာခြင်း၊ ပင်လှီဖယ်ရှားခြင်း၊ အစားထိုးပြန်စိုက်ခြင်း၊ အချိန်မှန်မှန်ပေါင်းရှင်းခြင်း၊ အစိုဓာတ် ထိန်းပေးခြင်း၊ ပထမရွက်ဖုံရင့်ပြီးနောက် မြေဩဇာ (၁၅:၁၅:၆:၄) အား အပင် ၁၀၀ လျှင် ရှစ်အောင်စနှုန်း နှစ်ပတ်ခြားတစ်ကြိမ် အရွက်များကို အားဆေးအဖြစ်ဖျန်းပေးရပါမည်။ အပင် ၁၀၀ အတွက် ရေတစ်ဂါလန်တွင် ယူရီးယား ၀ ဒသမ ၅ အောင်စ နှုန်းဖြင့် ဖျန်းပေးရပါမည်။ မြေဩဇာကို အဖူးမကူးမီ တစ်လခန့်အလိုတွင် မကျွေးသင့်ပါ။
၄။ မျိုးကိုင်းပွားခင်းတည်ထောင်ခြင်းနှင့် ထိန်းသိမ်းပြုစုခြင်း
မျိုးသန့်မျိုးမှစံချိန်မီမျိုးကိုင်းနှင့် အဖူးများရရှိနိုင်ရန်အတွက် မျိုးအလိုက် မျိုးသန့်ကိုင်းပွား ခင်းကို တည်ထောင်ရပါသည်။ မြေပြုပြင်ပြီးနောက် ပင်ကြားတန်းကြား (၆ ပေ x ၃ ပေ)၊ (၄ ပေ x ၄ ပေ) စိုက်သင့်ပြီး စိုက်ပျိုးရာတွင် မျိုးမရောစေရန်၊ ထိန်းသိမ်းပြုစုလွယ်ကူစေရန်နှင့် မျိုးကိုင်းရရှိမှု ခန့်မှန်းတွက်ချက်မှုလွယ်ကူရန် မျိုးအလိုက် အကွက်များခွဲပြီး အကွက်တစ်ခုနှင့် တစ်ခုကြားတွင် ၈ ပေ အကျယ် ထားသင့်သည်။ စိုက်ပျိုးထားသည့် ပျိုးပင်အမျိုးအစားအပေါ်မူတည်၍ ထိန်းသိမ်းပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်ရပါသည်။
၅။ အဖူးကူးခြင်းနှင့် အဖူးကူး အောင် မအောင် စစ်ဆေးခြင်း
ကျန်းမာသန်စွမ်းသော လက်ခံပျိုးပင်များ အသက် ၆ လမှ ၁၂ လအတွင်း ရောက်ရှိလာသောအခါ မျိုးသန့်မျိုးကိုင်းပွားခင်းမှ မျိုးကိုင်းများဖြတ်၍ အဖူးများကိုရယူပြီး အဖူးကူးခြင်း ပြုလုပ်ရပါသည်။ အဖူးကူးအောင်မြင်မှုသည် ပျိုးပင်အရည်အသွေးအပေါ် များစွာသက်ရောက်မှုရှိပါသည်။ အဖူးနုကူးခြင်း၊ အဖူးစိမ်းကူးခြင်း၊ အဖူးညိုကူးခြင်းတို့ဖြင့် အဖူးကူးနိုင်ပါသည်။ အဖူးကူးပြီး သုံးပတ်အကြာတွင် မြှုပ်သွင်းထားသောအဖူးသည် စိမ်းနေပါက အဖူးကူးမှု အောင်မြင်ပါသည်။
ပို၍သေချာရန်အတွက် တစ်ပတ်ခန့်အကြာတွင် ထပ်မံစစ်ဆေးရသည်။ အဖူးစိမ်းနေသေးပါက ယင်းအဖူးကူးပင် သေချာပေါက်အောင်မြင်ပြီးဖြစ်သည်။ အောင်မြင်သော အဖူးကူးပင်အား မကြာခင် ပြောင်းရွှေ့စိုက်မည်ဆိုပါက မျိုးသန့်အဖူးမနာစေရန် ပလတ်စတစ်တိပ်ကြိုးကို မဖြည်သေးဘဲ စိုက်ခါနီးမှ ဖြည်နိုင်သည်။ ပျိုးခင်းတစ်လထက် ပိုထားပါက ပလတ်စတစ်ကြိုး ဖြည်လိုက်ရပါမည်။
၆။ ပလတ်စတစ်အိတ်သို့ ပြောင်းရွှေ့စိုက်ပျိုးခြင်း
ပလတ်စတစ်အိတ်တွင် အစို့ဖောက်အစေ့များအား စိုက်ပျိုးထားသည့် အဖူးကူးအောင်မြင်သည့် လက်ခံပင်အား အဖူးကူးနေရာ အထက်နားတွင် ဖြတ်၍ ပလတ်စတစ်အိတ်တွင် အဖူးကူးပင်များအား ဆက်လက်ထိန်းသိမ်းပြုစု မွေးမြူရမည်။ မြေပေါင်ပျိုးခင်းမှ အဖူးကူးအောင်ပင်များကို နုတ်ကာမြေလုံးမပါသော အဖူးကူးပျိုးငုတ်ပင်အနေဖြင့် ပလတ်စတစ်ပျိုးအိတ်များတွင် ပြောင်းရွှေ့စိုက်ပျိုးရမည်။
အဖူးကူးအောင်မြင်သော အပင်များအား မြေပေါင်များမှ နုတ်ယူရန်အတွက် ပျိုးပေါင်အပင်တန်း၏တစ်ဖက်တွင် မြေကြီးကိုတူးပြီးနောက် အပင်ကို အဖူးမနာစေရန် ကိုင်တွယ်ကာ ဆွဲနုတ်ယူရသည်။ နုတ်ယူပြီးသော အဖူးကူးအောင် ပင်များကို အဖူး၏အထက်နားမှ အဖူးအခြား တစ်ဖက်သို့ စောင်း၍ဖြတ်ရသည်။ ရေသောက်မြစ် နှင့်ဘေးမြစ်များပါ ဖြတ်ရမည်။ အဖူးကူးပျိုးငုတ်ပင်၏ လက်ခံပင်အပိုင်းနှင့် အမြစ်များဖြတ်ရန် ပျမ်းမျှအရှည်မြေပြင်မှ ခြောက်လက်မမှ ကိုးလက်မထား၍ ဖြတ်ရမည်။
အဖူးကူးအောင်ပင်ကို ပျိုးအိတ်၌စိုက်ပျိုးရာတွင် ပျိုးအိတ်မြေကြီး အလယ်ဗဟိုတွင် စိုက်ပျိုးမည့် အမြစ်အရှည်၏ အနက်အထိ တုတ်ချောင်းငယ်ဖြင့် အပင်ဘေးမှာထိုးကာ အပင်ဘက်သို့ ၃-၄ နေရာ ခန့်ဆွဲကျပ်ရသည်။ လိုအပ်သောမြေများ ထပ်ဖြည့်ပြီး ဘေးမြစ်များ မနာစေရန်နှင့် အမြစ်ဝန်းကျင် လေဟာခြင်းမရှိရန် ဂရုပြုစိုက်ပျိုးပေးရမည်။
၇။ အဖူးကူးပျိုးပင်များထိန်းသိမ်းပြုစုခြင်း
မိုးရာသီကုန်ဆုံးပြီးနောက် ပျိုးပင်များကို နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရေမှန်မှန် လုံလောက်စွာလောင်းပေးခြင်း၊ ပျိုးအိတ်မြှုပ်ထား သောမြောင်းများကိုပါ ရေသွင်းပေးခြင်းများ ပြုလုပ်ရပါသည်။ လေးလမှ ခြောက်လခန့်အကြာတွင် အဖူးကူးပျိုးပင်များ အနည်းဆုံးရွက်ဖုံ နှစ်ဖုံ၊ သုံးဖုံ ရင့်ပြီး အသင့်စိုက်ပျိုးနိုင်သည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်ပါသည်။
၈။ စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးရန် ပျိုးပင်များပြင်ဆင်ခြင်း
အဖူးကူးအောင်မြင်သော ပျိုးပင်များကို ပြောင်းရွှေ့မစိုက်မီ နှစ်ပတ်မှ သုံးပတ်ခန့်တွင် အရိပ်စင်အား လုံးဝဖယ်ရှားပစ်ရမည်။ စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးရန် အသင့်တော်ဆုံးပျိုးပင်အရွယ်မှာ အနည်းဆုံးအရွက်ဖုံ နှစ်ဖုံမှ သုံးဖုံရှိ ပြီးသော ပျိုးပင်ဖြစ်ပါသည်။ ပြောင်းရွှေ့စိုက်သည့်အခါ အပင်ထိပ်ဆုံးရှိ ရွက်ဖုံမှာ လုံးဝရင့်ပြီးအဆင့် ဖြစ်နေရမည်။ ထိပ်ဆုံးရွက်ဖုံ မရင့်သေးသော ပျိုးပင်များကို ပျိုးခင်းတွင် ရက်အနည်းငယ် ဆက်လက်ထားရှိပြီး ရွက်ဖုံရင့်လာသည့်အချိန်ရောက်မှ ပြောင်းရွှေ့စိုက်ရမည်။
ပျိုးပင်များကို အရွယ်အစားညီညာသည့် အပင်များအလိုက် ခွဲခြားကာ စိုက်ပျိုးရမည်။ မျိုးအလိုက်လည်း မှားယွင်းခြင်းမရှိအောင် ဂရုစိုက်ကိုင်တွယ်ပြီး သယ်ယူပို့ဆောင်သည့်အခါတွင် အပင်များမနာစေရန်နှင့် ပျိုးအိတ်မြေလုံးမပျက်စေရန် ညင်သာစွာ ကိုင်တွယ်ရပါမည်။
နိဂုံးချုပ်အားဖြင့် ရော်ဘာပျိုးပင်ထုတ်လုပ်ရာတွင် မျိုးစေ့စုဆောင်း၍ မျိုးစေ့အစို့ဖောက်ခြင်း၊ လက်ခံပင် ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ မျိုးကိုင်းများ ဖြတ်၍ အဖူးကူးခြင်း၊ အဖူးကူး အောင်ပင်နှင့် ပျိုးပင်များ ပြုစုစောင့်ရှောက်ခြင်း၊ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးသည်အထိ အဆင့်ဆင့်ဂရုစိုက် ဆောင်ရွက်ရန် လိုအပ်ပါသည်။
အနည်းဆုံး ရွက်ဖုံ နှစ်ဖုံသုံးဖုံရင့်ပြီးသည့် ပလတ်စတစ်အိတ်ဖြင့် ပျိုးထောင်ထားသည့် မျိုးကောင်း မျိုးသန့် အဖူးကူးပျိုးပင်များဖြင့် စိုက်ပျိုးကြပါရန်နှင့် ထိုသို့စိုက်ပျိုးခြင်းဖြင့် စိုက်ခင်းများ၏ ရှင်သန်နှုန်း၊ ကြီးထွားနှုန်းနှင့် အစေးထွက်နှုန်းများ တိုးတက်ကောင်းမွန်ပြီး ရော်ဘာခြံ၏ အောင်မြင်မှုနှင့် အကျိုးအမြတ်ကို တိုက်ရိုက်အထောက်အကူပြုမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။


