လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း)
မိုးရာသီကာလ ရောက်ရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ မြင့်တက်လာတတ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် Dengue Virus ကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အေးဒိစ်အမျိုးအစားခြင်များမှ လူသို့ကူးစက်ပျံ့နှံ့ခြင်းဖြစ်သည်။ မိုးရာသီတွင် ရေတင်ကျန်နေသောနေရာများ များပြားလာသဖြင့် ခြင်ပေါက်ပွားရန် အခွင့်အလမ်းများလာကာ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာရခြင်းဖြစ်သည်။ အထူးသဖြင့် မိုးဦးရာသီမှစတင်၍ မိုးလယ်နှင့် မိုးနှောင်းကာလများတွင် သွေးလွန်တုပ်ကွေးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း တွေ့ရှိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ယနေ့ကမ္ဘာတွင် အမြန်ဆုံးတိုးပွားလာနေသော mosquito-borne disease များထဲမှ တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် တွင် သမိုင်းတစ်လျှောက် အကြီးမားဆုံးကူးစက်ဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ရသည်။ ရာသီဥတုပြောင်းလဲမှု၊ မြို့ပြတိုးတက်မှုနှင့် ခြင်ပေါက်ပွားမှုများကြောင့် အနာဂတ်တွင် ပိုမိုတိုးလာနိုင်ကြောင်း WHO က သတိပေးထားသည်။
သန့်ရှင်းရေးအားနည်းမှုနှင့် ကျန်းမာရေးအသိပညာ လိုအပ်ချက်များကြောင့် ရောဂါဖြစ်ပွားမှုများ ရှိနေဆဲဖြစ်
မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် လူနေထူထပ်သော မြို့ပြဒေသများနှင့် ရေတင်ကျန်နိုင်သောဒေသများတွင် ပိုမိုတွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရောဂါဖြစ်ပွားမှုများကို မကြာခဏတွေ့ရသည်။ ထို့ပြင် ကျေးလက်ဒေသများတွင်လည်း သန့်ရှင်းရေးအားနည်းမှုနှင့် ကျန်းမာရေး အသိပညာလိုအပ်ချက်များကြောင့် ရောဂါဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ခြင်ပေါက်ပွားရာ နေရာများ ဖယ်ရှားခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ စာသင်ကျောင်းများနှင့် လူစုလူဝေးရှိသောနေရာများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အထူးအလေးထား လုပ်ဆောင်နေကြသည်။ ထို့ပြင် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ်ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
လွန်ခဲ့သော ငါးနှစ်ကာလအတွင်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အတက်အကျရှိခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ ၁၅၁၃၁ ဦးနှင့် သေဆုံးသူ ၆၈ ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သန့်ရှင်းရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာခြင်းကြောင့် ဖြစ်ပွားမှုလျော့နည်းကာ လူနာ ၅၄၄၆ ဦးနှင့် သေဆုံးသူ ၃၆ ဦးသာရှိခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် ရောဂါပြန်လည်မြင့်တက်လာပြီး ဖြစ်ပွားသူ ၂၄၉၇၁ ဦးနှင့် သေဆုံးသူ ၉၇ ဦးအထိရှိလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၆၁၃၀ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် အများဆုံးတွေ့ရှိခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် မိုးရာသီအစပိုင်းမှစတင်၍ ရောဂါဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါဖြစ်ပွားသူ ၆၄၀၀ ခန့်နှင့် သေဆုံးသူ ၁၅ ဦးရှိခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင်လည်း မိုးရာသီဝင်ရောက် လာသည်နှင့်အမျှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ဆက်လက်တွေ့ရှိနေပြီး ဇန်နဝါရီလမှ ဇူလိုင် ၁၉ ရက်အထိ ရောဂါဖြစ်ပွားသူ ၅၀၆၆ ဦး နှင့် သေဆုံးသူ ၂၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိ ၂၀၂၆ ခုနှစ်တွင်လည်း မိုးရာသီကာလရောက်ရှိလာခြင်းနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ခြေများ မြင့်တက်လာနေကြောင်း WHO နှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများက သတိပေးထားပြီး မြန်မာနိုင်ငံအတွင်း ဒင်ဂီရောဂါအပါအဝင် ခြင်မှတစ်ဆင့် ကူးစက်သောရောဂါများ မြင့်တက်လာနေကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်ကာ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ကြရန် လိုအပ်လျက်ရှိသည်။
ကျောင်းဖွင့်ရာသီသည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နိုင်မှုမြင့်မားသော အချိန်ကာလတစ်ခုဖြစ်သည်။ ကျောင်းသား ကျောင်းသူများ အများအပြား စုဝေးနေထိုင်ရခြင်း၊ ကျောင်းပတ်ဝန်းကျင်တွင် ရေတင်ကျန်နိုင်သောနေရာများရှိခြင်းတို့ကြောင့် ရောဂါပျံ့နှံ့နိုင်ခြေ မြင့်တက်လာသည်။ ထို့ကြောင့် ကျောင်းများတွင် ရေအိုးများကို အဖုံးဖုံးထားခြင်း၊ ရေတင်ကျန်နေသော အိုးခွက်များအား သွန်ပစ်ခြင်း၊ ပန်းအိုးရေများ မကြာခဏလဲလှယ်ခြင်း၊ ခြင်ပေါက်ပွားမှုရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်သင့်သည်။ ထို့ပြင် ကျောင်းသားများအား ခြင်ကိုက်မခံရစေရန် လက်ရှည်အင်္ကျီဝတ်ဆင်စေခြင်းနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်သည်။
ရောဂါလက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါသည် ကလေးငယ်များတွင် အများဆုံးတွေ့ရသော်လည်း လူကြီးများ တွင်လည်း ဖြစ်ပွားနိုင်သည်။ အထူးသဖြင့် အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း ကလေးများတွင် ပိုမိုတွေ့ရတတ်သည်။ ရောဂါလက္ခဏာများမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်နာကျင်ခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်များ ကိုက်ခဲခြင်း၊ အရေပြားတွင် အနီစက်များပေါ်လာခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် သွေးယိုခြင်းတို့ဖြစ်သည်။ ရောဂါဖြစ်ပွားလာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံး စစ်ဆေးကုသမှုခံယူသင့်ပြီး ဆရာဝန်ညွှန်ကြားချက်မရှိဘဲ Aspirin နှင့် Ibuprofen ကဲ့သို့သော ဆေးများကိုမသောက်သင့်ပါ။ လူနာအား ရေဓာတ်လုံလောက်စွာတိုက်ပေးခြင်းနှင့် အနားယူစေခြင်းသည် အရေးကြီးသည်။
နိဂုံးချုပ်အားဖြင့် သွေးလွန်တုပ်ကွေးရောဂါသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ်အတိုင်း ရေသိုလှောင်ထားသော အိုးခွက်များကို အဖုံးဖုံးထားခြင်း၊ မလိုအပ်သော ရေတင်ကျန်မှုများကို သွန်ပစ်ခြင်း၊ ရေဟောင်းများကို လဲလှယ်ပေးခြင်းနှင့် ခြင်ပေါက်ပွားမှုရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိအိမ်၊ မိမိပတ်ဝန်းကျင်မှစတင်ကာ သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးသော လူမှုဘဝတစ်ခုကို တည်ဆောက်နိုင်ကြပါစေရန် ရေးသားလိုက်ရပါသည်။ ။


