ရန်ကုန် ဩဂုတ် ၃
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၈) ပထမနေ့ကို သြဂုတ် ၃ ရက်က ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဂိုးပြတ် အနိုင်ရခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက Young Lionesses အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဂျပန်နည်းပြ ကိုင်တွယ်နေသည့် မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Young Lionesses အသင်းကို နောက်မှ လိုက်ကစားကာ အနိုင်ရရှိခဲ့သည်။
ယခုနိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယနေရာ ပြန်လည်ရယူနိုင်ရေး မျှော်လင့်ချက်အတွက် အရေးပါသည့်နိုင်ပွဲလည်းဖြစ်သည်။ Young Lionesses အသင်းအတွက် ဦးဆောင်ဂိုးများကို ၅၁ မိနစ်တွင် နေမျိုးသူသူအောင်၊ ၆၁ မိနစ်တွင် နန်းခမ်ဟွမ်တို့က သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် ချေပဂိုးများကို ၅၇ မိနစ်တွင် ဇင်မိုးပြည့်၊ ၆၆ မိနစ်တွင် နှင်းဝေနှင်းတို့က သွင်းယူကာ အနိုင်ဂိုးများကို ပွဲပြီးခါနီး ၈၆ မိနစ်တွင် နှင်းဝေနှင်း၊ ၉၀+၂ မိနစ်တွင် ဇင်မိုးပြည့်တို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay player of the Match ဆုကို ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ဇင်မိုးပြည့်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ် ငါးသိန်းရရှိသည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို ကိုးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ သစ္စာအားမာန်အသင်းသည် ဂိုးပြတ်ရလဒ်ဖြင့် နိုင်ပွဲဆက်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းမှာမူ အပြတ်သားဆုံးရလဒ်ဖြင့် ရှုံးပွဲရင်ဆိုင်ခဲ့ရသည်။ သစ္စာအားမာန်အသင်း အတွက် ဂိုးများကို ၂၃၊ ၅၀ မိနစ်တွင် ယွန်းဝတီ၊ ၃၂၊ ၃၄ မိနစ်တွင် မြတ်နိုးခင်၊ ၅၆၊ ၆၉ မိနစ်တွင် ဝင်းဝင်း၊ ၈၅၊ ၉၀+၂ မိနစ်တွင် ချစ်ဆုဝေတို့က သွင်းယူပြီး ပထမဆုံးဂိုးမှာ ခုနစ်မိနစ်တွင် ဇွဲကပင် ကစားသမား ဒါရာမီ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးများကို ၄၄ မိနစ်တွင် ရွယ်လွန်ရှာရီ၊ ၆၃ မိနစ်တွင် ဂလိုရီတို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay player of the Match ဆုကို သစ္စာအားမာန်ကွင်းလယ်ကစားသမား ဝင်းဝင်းကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၈) ဒုတိယနေ့ကို သြဂုတ် ၄ ရက် တွင် YUSC ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်စီးတီးအသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - ညီညီမင်း


