မော်လမြိုင် သြဂုတ် ၃
တလမွန်ကုမ္ပဏီလီမိတက်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် သေမင်းတမန် မီးရထားလမ်းပြတိုက်အား အဆင့် မြှင့်တင်ခြင်း၊ ကလေးကစားကွင်း၊ ကော်ဖီဘားနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သေမင်းတမန် မီးရထားလမ်း ပြတိုက်အား ကွင်းဆင်းကြည့်ရှုစဉ် တလမွန် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ် က မြို့နယ်အတွင်းရှိ သေမင်းတမန် မီးရထားလမ်းပြတိုက်၊ ဓနသဟာယ စစ်သင်္ချိုင်း၊ စက်စဲကမ်းခြေ စသည့် နေရာများကို တစ်ဆက်တည်း သွားရောက်လည်ပတ်မှုများရှိကြောင်း၊ ဒေသစီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရန် အထောက်အကူ ဖြစ်စေမည့် လမ်း၊ တံတား၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိ ရေးစသည့် အခြေခံအဆောက် အအုံများ တိုးတက်ကောင်းမွန် စေရန် ဦးစားပေးလိုအပ်ချက်နှင့် အညီ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ယူဆောင် ရွက်သည့် ဌာနများ၊ ကုမ္ပဏီများ အနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် ပြီးမြောက်အောင်မြင်ရေး စနစ်တကျကြီးကြပ်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြတိုက်အတွင်း ခင်းကျင်းပြသထားမှု၊ သံဖြူဇရပ် စစ်သင်္ချိုင်းအား ဓနသဟာယ စစ်သင်္ချိုင်းကော်မရှင်က တည်ဆောက် ထိန်းသိမ်းထားမှု၊ စက်စဲကမ်းခြေရှိ ဟိုတယ်၊ မိုတယ်များ၊ သံဖြူဇရပ်မြို့ အောင်ကုသိုလ် ရပ်ကွက်ရှိ ကျိုက်ရာမညဇိန ထိုင်တော်မူရုပ်ပွားတော် ကျောင်းဆောင်တန်ဆောင်း ဘက်စုံမွမ်းမံ ပြင်ဆင် ဆောင်ရွက်နေမှုနှင့် မော်လမြိုင်-ရေး-ထားဝယ်-မြိတ် လမ်းမိုင် (၃၂/၂-၃၂/၃)ရှိ အဘစ် တံတား အဆင့်မြှင့်တင်ဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


