ရန်ကုန် ဩဂုတ် ၃
MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၁) နောက်ဆုံးပွဲကို သြဂုတ် ၃ ရက်က ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပရာ ဧရာဝတီယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို သုံးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် နောက်မှလိုက်ကစားကာ အနိုင်သုံးမှတ်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းမှာမူ နှစ်ကြိမ်တိုင် ဦးဆောင်ပြီးမှ ဂိုးများပြန်ပေးရကာ အရေးနိမ့်ခဲ့သဖြင့် နစ်နာသည့်ပွဲ တစ်ပွဲဖြစ်ခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် ၁၈ မိနစ်တွင် စိုးမင်းခန့်၊ ၄၇ မိနစ်တွင် ကျော်မင်းစိုး သွင်းယူသည့် ဂိုများဖြင့် ဦးဆောင်နိုင်သော်လည်း ဧရာဝတီယူနိုက်တက်အသင်းက ၃၆ မိနစ်တွင် ကောင်းမြတ်စံ၊ ၄၈ မိနစ်တွင် ကောင်းခန့်ကျော်တို့က ချေပဂိုးပြန်သွင်းသဖြင့် နှစ်ဂိုးစီသရေကျခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး သြဂုတ်မိုးစက်များ အောက်တွင် အနိုင်ရရှိရေး အားကုန်ထုတ်ကစားခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၇၂ မိနစ်တွင် ကောင်းမြတ်စံက သွင်းယူပေးခဲ့သည်။
ပွဲစဉ်(၁၁) အပြီးတွင် အား/ကာသိပ္ပံအသင်းက ၂၆ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၂၄ မှတ်၊ သစ္စာအားမာန်အသင်းက ၂၁ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က ၁၉ မှတ်စီ၊ Galaxy အသင်းနှင့် Falcon အသင်းတို့က ၁၆ မှတ်စီ၊ ရတနာပုံအသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့က ၁၅ မှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၃ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့က ၁၁ မှတ်စီ၊ မြဝတီအသင်းက ခြောက်မှတ်၊ Chinland အသင်းက တစ်မှတ်ရရှိထားသည်။
သတင်း - မောင်စံကြီး
ဓာတ်ပုံ - MNL


