နယူးဒေလီ ဩဂုတ် ၃
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဩဂုတ် ၃ ရက်တွင် ပြောကြားသည်။
ပြည်နယ်အတွင်း ရေကြီးရေလျှံမှုအခြေအနေကို ပြန်လည်သုံးသပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ကီရာလာပြည်နယ်ဝန်ကြီးချုပ် ဗွီဒီဆာသာဆန်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“ကီရာလာပြည်နယ်တစ်ဝန်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သောဖြစ်ရပ်များတွင် သေဆုံးသူဦးရေသည် ၁၅ ဦးအထိ မြင့်တက်လာပြီး ခုနစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေချိန်တွင် ဒေသန္တရအစိုးရသည် ကယ်ဆယ်ရေးနှင့် ကယ်ဆယ် ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခဲ့သည်။ တရားဝင်အချက်အလက်များအရ မိုးနှင့် ရေကြီးရေလျှံမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူ ၁၁၀၁၈ ဦးကို ပြည်နယ်တစ်ဝန်းတွင် တည်ထောင်ထားသော ကယ်ဆယ်ရေးစခန်း ၃၁၆ ခုတွင် နေရာချထားပေးခဲ့သည်။ သြဂုတ် ၃ ရက်နှင့် ၆ ရက်တွင် ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ပြီး တစ်နာရီလျှင် ၄၀-၅၀ ကီလိုမီတာနှုန်းဖြင့် လေပြင်းတိုက်ခတ်မည်ဟု အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားသည်။
တစ်နာရီလျှင် ၆၀ ကီလိုမီတာအထိရှိသည့် လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ရေလှိုင်းထန်မှုများ ဖြစ်နိုင်ခြေကြောင့် ကီရာလာ-ကာနာတာကာ- လက်ရှဒ်ဝီးကမ်းရိုးတန်းသို့မသွားရန် ငါးဖမ်းသမားများကို တာဝန်ရှိသူများက အကြံပြုထားသည်။ အိန္ဒိယအမျိုးသားသမုဒ္ဒရာသတင်း အချက်အလက်ဝန်ဆောင်မှုစင်တာသည် မြောက်ပိုင်းကီရာလာ ကမ်းရိုးတန်းတစ်လျှောက်တွင် ၂ ဒသမ ၇ မှ ၃ ဒသမ ၅ မီတာအထိရှိသော လှိုင်းကြီးများရှိနိုင်ကြောင်း သတိပေးထားပြီး တံငါသည်များနှင့် ကမ်းရိုးတန်းနေထိုင်သူများအား သတိရှိရှိနေထိုင်ရန် အကြံပြုထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


