အိမ်မဲမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအထိမ်းအမှတ် ဖွင့်ပွဲကျင်းပ

အိမ်မဲ သြဂုတ် ၃

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဆုဝေထွန်းက အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဖွေးဖွေးသန့်စင်က အာဟာရအုပ်စုများအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မူယာစိုး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က နို့တိုက်မိခင်များအား တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် အာဟာရပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)