မြောက်ဥက္ကလာပမြို့နယ် ၀ဇီယာ-သုနန္ဒာ ရောင်း၀ယ်ရေး သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာ စည်းဝေး

ရန်ကုန် ဩဂုတ် ၃

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ၀ဇီယာ-သုနန္ဒာ ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်နေ့ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့က (စ)ရပ်ကွက် ဓမ္မရက္ခိတဓမ္မာရုံ၌ ပြုလုပ်သည်။

 

ဦးစွာ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကိုကိုဦးက အသင်းများအနေဖြင့် သမဝါယမအသင်း ဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြှောက်ရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို အသင်းတာဝန်ခံ ဒေါ်သင်းသင်းဆွေက ဖတ်ကြားတင်ပြပြီး အသင်းသားများ၏ အတည်ပြုချက်များ ရယူသည်။ အဆိုပါ အစည်းအဝေးသို့ အသင်းသား ၂၆ ဦး တက်ရောက်ပြီး အစုပေါ် အမြတ်နှင့် အသင်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)