တီဟီရန် ဩဂုတ် ၃
အာရှအနောက်ပိုင်းဒေသ တည်ငြိမ်ရေးနှင့်လုံခြုံရေး ထိန်းသိမ်းရေးအတွက် သံတမန်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ၏ နောက်ဆုံးရလဒ်များနှင့်ပတ်သက်၍ အီရန်က ဆော်ဒီအာရေးဗျ၊ ပါကစ္စတန်နိုင်ငံများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ် ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီသည် ဆော်ဒီအာရေးဗျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မင်းသား ဖေဇယ် ဘင်ဖာရန်အယ်လ်ဆာဒ်၊ ပါကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆိုင်ယဒ် အာဆင်းမူနီရ်တို့နှင့် အဆိုပါကိစ္စရပ်များအပေါ်ဖုန်းဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
၎င်းဒေသအရေး ဆောင်ရွက်ရာတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေးအရ အဖြေရှာမှုများမှ ရရှိလာသည့် စွမ်းရည်များကို သုံးစွဲရန်လိုအပ်ကြောင်း အထက်ပါသုံးနိုင်ငံစလုံးမှ တာဝန်ရှိသူများက ပြောကြားသည်။
ဆွေးနွေးမှုများအတွင်း အမေရိကန်နိုင်ငံအား မည်သည့်စွန့်စားမှုမျိုးမှ မပြုလုပ်ရန်နှင့် အီရန် အနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံ၏ လုံခြုံရေးတို့အတွက် ကာကွယ်စောင့်ရှောက်ရန် အသင့်ပြင်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားသည်။ အစ္စရေးနှင့် အမေရိကန်အပါအဝင် အီရန်အား တိုက်ခိုက်လာမည့် ဒေသတွင်း မည်သည့်နိုင်ငံကိုမဆို အီရန်တပ်ဖွဲ့က တုံ့ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများကို စွန့်စားသည့်နည်းလမ်းဖြင့် ဆောင်ရွက်လာပါက ထိုအစီအစဉ်များကို စီစဉ်ဆောင်ရွက်သည့် မည်သူ့တွင်မဆို တာဝန်ရှိကြောင်း ၎င်းကပြောကြားသည်။ မကြာမီက လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအတိုင်း အမေရိကန်က လိုက်နာဆောင်ရွက်ရန် အီရန်က ဖိအားပေးမည်ဟု အီရန်သမ္မတ မာဆော့ပါဇက်ကီရန်က လူမှုမီဒီယာ အိက်စ်တွင် ပြောကြားသည်။ အဆိုပါစာချွှန်လွှာသည် အနာဂတ်ကာလ အီရန်နိုင်ငံ ပြည်ပဆက်ဆံရေး၏ အဓိကဗဟိုချက်ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အီရန်၊ အီရန်၏ မဟာမိတ်များနှင့် အနောက်အာရှဒေသများ၏ လုံခြုံရေးသည် အဆိုပါနားလည်မှုစာချွှန်လွှာအရ ကောင်းစွာရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


