ရန်ကုန် သြဂုတ် ၂
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူသုံးဦးတို့ တက်ရောက်ခွင့်ရရှိကြသည်။
အာရှသိပ္ပံ စခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှစတင် ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ် စသောအာရှတိုက်တွင်း နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့သည်။
အာရှတိုက်မှ နိုဘယ်ဆုရသိပ္ပံပညာရှင်များ လာရောက်၍ ကျောင်းသားကျောင်းသူ လူငယ်များနှင့်အတူ စခန်းချနေထိုင်ကြပြီး သိပ္ပံပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ လေ့လာရေးခရီးများ၊ သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲများပါဝင်ကာ နှစ်စဉ်အာရှတိုက်မှ လူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
မျိုးမင်းသူရ


