ကျွန်းလှ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ မိုးစပါး ဧက ၂၂၉၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ စပါးကိုအဓိကစိုက်ပျိုးကြပြီး အရင်နှစ်က မိုးစပါး ၃၄၀၉၉ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးဖို့ ၃၅၆၉၆ ဧကလျားထားတဲ့အနက် လက်ရှိအချိန်အထိ ၂၂၉၂၂ ဧက (၆၄ဒသမ၂၁) ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေလျာထား ဧကပြည့်မီဖို့ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး ပေါင်းမြက်ကင်းရှင်းရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး စသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာ၌ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်း ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ၊ ဆင်းသုခနှင့် အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ


