ရန်ကုန် ဩဂုတ် ၂
၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု(A) တတိယနေ့ကို ဇူလိုင် ၃၁ ရက်၊ အုပ်စု (B) တတိယ နေ့ကို သြဂုတ် ၁ ရက်က ဆက်လက်ကျင်းပရာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းအသင်းတို့ အနိုင်ရပြီး ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့ သရေကျခဲ့သည်။
အုပ်စု(A) တတိယနေ့အဖြစ် ထိုင်းနိုင်ငံ၌ကျင်းပသည့်ပွဲတွင် အင်ဒိုနီးရှားအသင်းက တီမောအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် ဂိုးပြတ်အနိုင်ရသော်လည်း တီမောအသင်း၏ တုံ့ပြန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပြီး မိနစ် ၇၀ နောက်ပိုင်းမှသာ အနိုင်ဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့်ပွဲတွင် ဗီယက်နမ်အသင်းနှင့် စင်ကာပူအသင်း ဂိုးမရှိသရေကျခဲ့သည်။ စင်ကာပူအသင်းသည် ယခုပွဲသရေရလဒ်ကြောင့် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် ပိုကောင်းလာပြီး လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းမှာမူ ရုန်းကန်ရတော့မည်ဖြစ်သည်။
အုပ်စု(A) တတိယနေ့အပြီးတွင် စင်ကာပူအသင်းက သုံးပွဲကစား ခုနစ်မှတ်၊ အင်ဒိုနီးရှားအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ ဗီယက်နမ်အသင်းက နှစ်ပွဲကစား လေးမှတ်ရထားပြီး နှစ်ပွဲကစားထားသည့် ကမ္ဘောဒီးယားအသင်းနှင့် သုံးပွဲကစားထားသည့် တီမောအသင်းတို့မှာ အမှတ်မရသေးပေ။
အုပ်စု(B) တတိယနေ့အဖြစ် လာအိုနိုင်ငံ၌ ကျင်းပသည့်ပွဲတွင် ဖိလစ်ပိုင်အသင်းက လာအိုအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လာအိုအသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း တစ်ယောက်အထုတ်ခံရသဖြင့် ဂိုးများပြန်ပေးရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၌ ကျင်းပသည့် ပွဲတွင် အိမ်ရှင်ထိုင်းအသင်းက မလေးရှားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
အုပ်စု(B) တွင် ထိုင်းအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ မလေးရှားအသင်းက သုံးပွဲကစား ခြောက်မှတ်၊ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား သုံးမှတ်စီရထားပြီး လာအိုအသင်းမှာမူ သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - AFF


