အာဖဂန်နစ္စတန်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၀၁ ဘီလီယံကျော်ရှိ

ကဘူး   ဩဂုတ်   ၂

အာဖဂန်နစ္စတန်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် လွန်ခဲ့သောတစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၀၁ ဘီလီယံကျော်ရှိကြောင်း သိရသည်။

ပို့ကုန်တန်ဖိုး ၁ ဒသမ ၇၂၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ၁၂ ဒသမ ၁၇၈ ဘီလီယံတို့ ပါဝင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ယနေ့ ပြောကြားခဲ့သည်။ အဆိုပါကာလ အတွင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက အာဖဂန်နစ္စတန်နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသတွင်းမိတ်ဖက်များအကြား စုစုပေါင်းတန်ဖိုး ၂ ဒသမ ၃၈၉ ဘီလီယံရှိသော နားလည်မှုစာချွန်လွှာများ၊ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း မူဂျာဟစ်က   ပြောကြားခဲ့သည်။

ထို့ပြင် စက်ရုံပေါင်း ၅၇၆ ရုံအတွက် မြေဧရိယာ ၂၈၀၄ ဧကကို ခွဲဝေချထားပေးခဲ့ပြီး ကဏ္ဍပေါင်း ၁၆ ခုတွင် စက်မှုလုပ်ငန်းကုမ္ပဏီသစ် ၁၇၄ ခုက လုပ်ငန်း လည်ပတ်မှုစတင်ခဲ့ကာ စက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ သန်း ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ အဓိကပို့ကုန်များတွင် လတ်ဆတ်သော သစ်သီးဝလံများနှင့် အခြောက်ခံသစ်သီးဝလံများ၊ လက်ဖြင့်ရက်လုပ်ထားသော ကော်ဇောများ၊ ဟင်းခတ်အမွှေးအကြိုင်၊ လက်မှုပစ္စည်းများနှင့် ကျောက်မျက်ရတနာများ ပါဝင်သည်။

အဓိကသွင်းကုန်များတွင် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းကိရိယာများ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ ပြုပြင်ပြောင်းလဲထားသော စားသောက်ကုန်များ၊ အထည်အလိပ်များ၊ သားရေထည်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ပါဝင် ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်