ယခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၉၃၀ ကျော် သေဆုံး

ရန်ကုန် ဩဂုတ် ၂

 

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၆၈၆ မှု ဖြစ်ပွားခဲ့ပြီး ၉၃၂ ဦး‌ သေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ ယာဉ်တိုက်မှု အခြေပြဇယားအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်တိုက်မှု ၁၆၈၆ မှုရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၇၁ ဦးနှင့်  သေဆုံးသူ ၉၃၂ ဦးရှိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ယဉ်တိုက်မှု ၃၆၀ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၄၄၄ ဦးနှင့် သေဆုံးသူ ၁၉၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၇၀  ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၉၆ ဦးနှင့် သေဆုံးသူ ၁၁၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၆၀ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၉၃ ဦးနှင့် သေဆုံးသူ ၁၂၂ ဦး ရှိခဲ့သည်။

 

၂၀၂၅ ခုနှစ် ပထမ၆လတာကာလအတွင်း ယာဉ်မတော်တဆမှု ၁၆၉၂ မှုရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄၇၈ ဦးနှင့် သေဆုံးသူ ၈၉၂ ဦးရှိခဲ့ကြောင်း သိရပြီး ယခုနှစ် ပထမခြောက်လအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု အရေအတွက်မှာ ၂၀၂၅ ခုနှစ် အလားတူကာလက ဖြစ်ပွားခဲ့သည့် ၁၆၉၂ မှုထက် အနည်းငယ်လျော့နည်းခဲ့သော်လည်း ‌ သေဆုံးသူ အရေအတွက်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူအရေအတွက်မှာ ၄ ဒသမ ၃ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ လျော့နည်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်နှင့် ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။

 

MT