လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ် ရေကာတာကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ် ရေကာတာကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ငါးခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၄၅ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးမှု၊ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းမှု၊ စားသောက် ဖွယ်ရာများ လိုက်လံပို့ဆောင်ပေး မှု၊ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ မြစ်ရေဝင်ရောက်မှုအား ကာကွယ်ရန် ရေရှိန်တားပြုလုပ်နေမှုနှင့် ရေကာတာတာပေါင်မြေဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်