မြန်မာ့စီးပွားမြင့်မားဖို့ ဝါသီးနှံကဏ္ဍကိုမြှင့်တင်စို့

စိန်ဋ္ဌေးလှိုင်(ဟိုပုံးမြေ)

မြန်မာနိုင်ငံတွင် ဝါသီးနှံသည် စက်မှုကုန်ကြမ်းနှင့် လူသုံးကုန်ပစ္စည်းများအတွက် မရှိမဖြစ်လိုအပ်သော ဘက်စုံသုံး စိုက်ပျိုးရေးသီးနှံဖြစ်သည်။ ယနေ့ခေတ်တွင် ဝါဂွမ်းကို နည်းပညာဖြင့် ပေါင်းစပ်ကာ အဝတ်အထည်နှင့် အိမ်သုံးအထည်အလိပ်များဖြစ်သော အိပ်ရာခင်း၊ စောင်၊ တဘက်များအဖြစ်သာမက ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများဖြစ်သည့် ဂွမ်းလိပ်၊ ပိတ်ကျဲစ၊ ပတ်တီး၊ ခွဲစိတ်ခန်း သုံးဝတ်စုံများအထိ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကျယ်ပြန့်စွာ တိုးတက် ထုတ်လုပ်နေပြီဖြစ်သည်။

ဝါစေ့ကို စားသုံးဆီနှင့် ဆပ်ပြာ၊ အလှကုန်လုပ်ငန်းသုံး စက်မှုကုန်ကြမ်းဆီအဖြစ်လည်း ကြိတ်ခွဲအသုံးချနိုင်သည်။ ဝါမျိုးစိတ်အလိုက် ဝါစေ့တွင် အဆီဓာတ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိပါဝင်ပြီး ဆီညှစ်ပြီးကျန်ရှိသော ဝါစေ့ဖတ်သည် ပရိုတင်းဓာတ်ကြွယ်ဝကာ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည်။ ဝါစိုက်ပျိုးခြင်းသည် ဝါမျိုးစေ့ထုတ်လုပ်သူ၊ ဝါဂွမ်းနှင့် ချည်ထည်ထုတ်လုပ်သူများမှသည် ရက်ကန်းလုပ်ကိုင်သူများအထိ အဆင့်ဆင့်ကွင်းဆက်တစ်လျှောက် အလုပ်အကိုင်များ ဖန်တီးပေးနေသည်။

သဘာပတ်ဝန်းကျင်နှင့်စိန်ခေါ်မှုများ

ဝါသီးနှံသည် ဇီဝအလျောက် ဆွေးမြည့်ပျက်စီးနိုင်ပြီး ရေရှည်စိုက်ပျိုး ထုတ်လုပ်နိုင်သည့် သဘာဝအမျှင် ဖြစ်ခြင်းကြောင့် ပိုလီယက်စတာ၊ နိုင်လွန်ကဲ့သို့သော ဓာတုအမျှင်များနှင့် နှိုင်းယှဉ်ပါက သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ပိုမိုသဟဇာတဖြစ်စေသည်။ သို့သော် ဝါစိုက်ပျိုးခြင်းနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်တွင် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ကိုင်တွယ်ဖြေရှင်းရမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိနေသည်။ အဆိုပါစိန်ခေါ်မှုများတွင် ရေအလွန်အကျွံသုံးစွဲမှု၊ ပိုးသတ်ဆေးနှင့် ဓာတုဗေဒပစ္စည်းများ အသုံးပြုမှုမြင့်မားခြင်းနှင့် မြေဆီလွှာအရည်အသွေး ပျက်စီးခြင်းတို့ ပါဝင်နေသည်။

အောင်မြင်ဖြစ်ထွန်းစေမည့် စိုက်ပျိုးရေးနည်းစနစ်

မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းစေရန် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသော အခြေခံအချက်ကြီး (၄) ချက်ကို စနစ်တကျ လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။ ပထမဦးစွာ ‘မျိုး’ရွေးချယ်ရာတွင် ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းကာ ပိုးမွှားဒဏ် ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများထံ ဖြန့်ဖြူးထားသော ရွှေတောင်-၁၀၊ ရွှေတောင်-၈၊ ငွေချည်-၆ နှင့် ငွေချည်-၉ တို့ကို စိုက်ပျိုးသင့်သည်။ ‘မြေ’ နှင့် ‘ရေ’ စီမံခန့်ခွဲမှုတွင် ဝါသီးနှံသည် ရေဝပ်ခြင်းကို လုံးဝမကြိုက်သဖြင့် ရေစီးရေလာကောင်းမွန်သော သဲနုန်းမြေ သို့မဟုတ် နုန်းမြေစေးတွင် စိုက်ပျိုးပြီး အစိုဓာတ်ကို စနစ်တကျ ထိန်းညှိပေးရပါမည်။ နောက်ဆုံးအချက် ဖြစ်သော ‘နည်းစနစ်’ ပိုင်းတွင်မူ စနစ်တကျ မြေပြုပြင်ခြင်း၊ တန်းကြား ၄ ပေ × ပင်ကြား ၃ ပေ စနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် အပင်ကြီးထွားချိန်တွင် ကျရောက်တတ်သော ပိုးမွှားများကို အချိန်မီကာကွယ်နှိမ်နင်းခြင်း စသည့် ခေတ်မီစိုက်ပျိုးရေး နည်းပညာများကို ပေါင်းစပ်အသုံးပြုရမည်ဖြစ်သည်။

ဝါစိုက်ပျိုးရာဒေသများနှင့် ပြည်တွင်းစက်ရုံများကွန်ရက်

နိုင်ငံတော်တွင် ဝါသီးနှံကို မကွေးတိုင်းဒေသကြီး၌ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီး၌ ၃၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် အဓိက စိုက်ပျိုးထုတ်လုပ်နေပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။ ၎င်းဒေသများမှထွက်ရှိသော ဝါဂွမ်းများကို ပြည်တွင်းရှိ စက်မှုဝန်ကြီးဌာန အထည်အလိပ် လုပ်ငန်းအောက်ရှိ နိုင်ငံပိုင်ချည်မျှင်နှင့် အထည်စက်ရုံများဖြစ်သော ရွှေတောင်၊ မရမ်းကုန်း၊ ပလိပ်၊ မြင်းခြံ၊ စစ်ကိုင်း၊ ပွင့်ဖြူ၊ ပခုက္ကူ၊ မြစ်သား၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည် နှင့် တောင်သာစက်ရုံများသို့ အဓိကတင်ပို့လျက်ရှိသည်။ ထို့ပြင် မိတ္ထီလာ၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများသို့လည်း ကုန်ကြမ်းအဖြစ် ပေးသွင်းလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဝါသီးနှံစိုက်ပျိုးမှုတွင် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝါစိုက် ဧက ၅၄၀၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့သည်။ ချည်မျှင်ရှည်ဝါ ပျမ်းမျှအထွက်နှုန်းသည် တစ်ဧကလျှင် ၄၉၉ ဒသမ ၂ ပိဿာအထိ ရှိလာပြီး စုစုပေါင်း ဝါပိဿာချိန် သန်း ၂၇၀ နီးပါးထွက်ရှိသဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖူလုံစေသည်။ ယခင် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီတွင် ရိုးရိုးဝါ ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၄၃၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခု အခါ ခေတ်မီမျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေး နည်းစနစ်များကြောင့် တစ်ဧကအထွက်နှုန်း သိသိသာသာ မြင့်တက်လာသည်ကို လေ့လာသိရှိရသည်။

တိုးတက်လာသောအထွက်နှုန်းနှင့် နိုင်ငံတော်စီမံကိန်း

နိုင်ငံတော်အနေဖြင့် အရည်အသွေးမြင့် ချည်ထည်များထုတ်လုပ်နိုင်ရန် ဝါသီးနှံအထွက်တိုးရေးကို အရှိန်အဟုန်ဖြင့် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်ရာတွင် ဈေးကွက်ဝယ်လိုအားရှိသော ချည်မျှင်ရှည်ဝါများ တိုးတက်စိုက်ပျိုးရန်၊ ပြည်တွင်းချည်မျှင်နှင့် အထည်စက်ရုံများအတွက် အရည်အသွေးကောင်းမွန်သော ကုန်ကြမ်းများထောက်ပံ့ပေးပြီး ပြည်ပမှ ဝါဂွမ်းနှင့် ချည်မျှင်တင်သွင်းမှုကို လျှော့ချရန် (သွင်းကုန်အစားထိုးရန်) တို့ ရည်ရွယ်သည်။ ထို့ပြင် ဝါစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှု တိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကို ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ လက်ရှိတွင် ၎င်းစီမံကိန်းအရ မကွေးတိုင်းဒေသကြီး၌ ဝါစိုက်ပျိုးရေးဇုန် လေးဇုန်၊ မန္တလေးတိုင်းဒေသကြီး၌ ခြောက်ဇုန်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ငါးဇုန်၊ နေပြည်တော်၌ တစ်ဇုန်၊ ပဲခူးတိုင်းဒေသကြီး၌ နှစ်ဇုန်နှင့် ရှမ်းပြည်နယ်၌ တစ်ဇုန် စုစုပေါင်း စိုက်ပျိုးရေးဇုန် ၁၉ ဇုန်ဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အဆင့်ညှိနှိုင်းဆွေးနွေးပွဲနှင့် ရှေ့လုပ်ငန်းစဉ်များ

နိုင်ငံတော်အတွင်း ပြည်တွင်းဝါ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့” ဟူသော ဆွေးနွေးပွဲတစ်ရပ်ကို မကွေးမြို့၌ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသည် လက်ရှိအစိုးရ သစ်လက်ထက်တွင် ကဏ္ဍစုံကိုယ်စား လှယ် ၃၀၄ ဦး တက်ရောက်ခဲ့သည့် ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် ဆွေးနွေးပွဲကြီးဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမားရိုးကျ ဝါစိုက်ပျိုးထုတ်လုပ်မှုစနစ်မှ ခေတ်မီအဆင့်မြင့် အထည်အလိပ်လုပ်ငန်းများသို့ ကူးပြောင်းနိုင်ရေး၊ ဝါစိုက်ပျိုးခြင်းမှသည် အထည်အလိပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက်တစ်ခုလုံး (Value Chain) တွင် အစိုးရက ပံ့ပိုးကူညီပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ပြည်တွင်း/ပြည်ပ ဈေးကွက်ဝယ်လိုအား ကိုအခြေခံကာ သုတေသနလုပ်ငန်းများ တိုးမြှင့်ရန်နှင့် နောင်တွင်ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ စနစ်တကျ စီမံဆောင်ရွက်သွားရန် ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံကိန်းအရ ဝါစိုက်ဧရိယာ ၇ ဒသမ ၄၇ သိန်းဧက စိုက်ပျိုးရန်နှင့် တစ်ဧက ပန်းတိုင် အထွက်နှုန်း ပိဿာ ၇၀၀ ထွက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။ အရည်အသွေးမြင့်ပြီး အထွက်နှုန်း ကောင်းသော ဝါမျိုးသန့်များကို စိုက်ပျိုး ရေးဦးစီးဌာနက စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးပေးရန်နှင့် နိုင်ငံတော်၊ ဝါစိုက်တောင်သူ၊ လုပ်ငန်းရှင်များပူးပေါင်းကာ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) ဖြင့် တိုးချဲ့စိုက်ပျိုးရန် ဆွေးနွေးခဲ့ကြသည်။ အလားတူ ဒေသအလိုက် ဝါစက်မှုဇုန်များ ရေရှည်ရှင်သန်ရေးအတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်၊ တောင်သူများအတွက် အတိုးနှုန်း သက်သာသော ချေးငွေများ ပံ့ပိုးရန်နှင့် မြေဩဇာနှင့် စက်သုံးဆီများကို သီးနှံ ပေါ်ပေးစနစ်ဖြင့် ပံ့ပိုးကူညီရန် စသည့် အချက်များကိုလည်း အတည်ပြုဆုံးဖြတ် ခဲ့ကြသည်။

 

အချုပ်အားဖြင့်ဆိုရသော် ဝါသီးနှံသည် လူတို့၏ အဝတ်အထည်နှင့် လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော စက်မှုကုန်ကြမ်း သီးနှံဖြစ်ပြီး တန်ဖိုးမြှင့်ကုန်ချောများ အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် စီးပွားဖြစ်သီးနှံတစ်ခုလည်းဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဝါသီးနှံကဏ္ဍကို စိုက်ပျိုးခြင်းမှသည် အဆင့်မြင့်ကုန်ချောထုတ်လုပ်မှုအဆင့်သို့ အသွင်ကူးပြောင်းရန် အလားအလာကောင်းများရှိနေသည်။ နိုင်ငံတော်စီမံကိန်းအရ စိုက်ပျိုး ရေးဇုန်များနှင့် ဝါစိုက်ဧကများ တိုးချဲ့ကာ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးပမ်းနေခြင်းသည် ပြည်ပသွင်းကုန်အစားထိုးရေးအတွက် အရေးပါသော ခြေလှမ်းသစ်တစ်ခုဖြစ်သည်။ သို့ဖြစ်ရာ အရည် အသွေးမြင့် သဘာဝအမျှင်ဖြစ်သော ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဝါစိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် အစိုးရဝန်ကြီး ဌာနများအကြား ဟန်ချက်ညီညီ ဆက်လက်ပူးပေါင်းအကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကား - ၁၄-၇-၂၀၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ။