MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်စီးတီး၊ ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်၊ Galaxy နှင့် အား/ကာသိပ္ပံအသင်းတို့ နိုင်ပွဲရရှိ

ရန်ကုန် ဩဂုတ် ၁

MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၁)ကို ဇူလိုင် ၃၁ ရက်နှင့် သြဂုတ် ၁ ရက်တို့တွင် ဆက်လက်ကျင်းပရာ ရန်ကုန်စီးတီး၊ ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်၊ Galaxy နှင့် အား/ကာသိပ္ပံအသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

ဇူလိုင် ၃၁ ရက်က YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန် ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ရန်သေချာခဲ့သလို ထိပ်ဆုံးနေရာကိုပါ ဖိအားပေးနိုင်ခဲ့သည်။ သစ္စာအားမာန်အသင်းသည် ယခုပွဲအရေးနိမ့်သဖြင့် ဒုတိယနေရာ ရယူနိုင်ခွင့် ဆုံးရှုံးခဲ့သည်။ ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင်ရတနာပုံအသင်းက Falcon အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီး အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

သြဂုတ် ၁ ရက်က သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ရှမ်း ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ၄၉ မိနစ်တွင် သက်ထူးစံ သွင်းယူသည့် ပင်နယ်တီဂိုးဖြင့် အနိုင်ရရှိကာ ဇယားထိပ်ဆုံး ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် Galaxy အသင်းက မြဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Galaxy အသင်းအတွက် အနိုင် ဂိုးများကို ၄၄ မိနစ်တွင် အောင်မြတ်သာ၊ ၆၂ မိနစ်တွင် သန့်ဇင်အောင်တို့က သွင်းယူပြီး မြဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၉၀+ ၄ မိနစ်တွင် ဖိုးချစ်လုံးက သွင်းယူသည်။

ပွဲစဉ် ၁၁ တတိယနေ့ကို သြဂုတ် ၂ ရက်တွင် ဗဟန်းမြက်ခင်းတုကွင်း၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး Chinland အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MNL