ဆီဆိုင် သြဂုတ် ၁
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါ ကယ်ကျေးရွာအုပ်စု ဘုရားကျိန်း ကျေးရွာအတွက် ၁၁ကေဗွီဓာတ် အားလိုင်း သုည ဒသမ ၂၈ မိုင်၊ ၄၀ ဗို့ဓာတ်အားလိုင်း သုည ဒသမ ၄၇ မိုင်နှင့်၁၁/၀.၄ ကေဗွီ ထရန် စဖော်မာ ၁၀၀ ကေဗွီအေတစ်လုံး အတွက် တည်ဆောက်ကုန်ကျ စရိတ်ငွေကျပ် ၁၆၄ ဒသမ ၄၃၆ သန်းဖြစ်ပြီး ဘုရားကျိန်းကျေးရွာ နည်းတူ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကျေးရွာလေးရွာနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျေးရွာ ငါးရွာ စုစုပေါင်းကျေးရွာ ကိုးရွာတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဘုရားကျိန်း ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး လျှပ်စစ်မီး မိန်းခလုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက လျှပ်စစ်မီးလင်း ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ကျောင်းလွယ်(တောင်) လုံခုတ် ကျေးရွာအုပ်စုတွင် ဒေသထွက် GreenGold ကော်ဖီစက်ရုံ၊ ဟိုပုံးမြို့ CoffeeNeo စက်ရုံတို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


