နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှုဖြင့် နှစ်ဖက်ချောစက္ကူထုတ်လုပ်၍ ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဖြူးရောင်းချနိုင်ခဲ့

မြစ်ကြီးနား သြဂုတ် ၁

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း လီမိတက်သည် နှစ်ဖက်ချော စက္ကူထုတ်လုပ်၍ ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။

အဆိုပါသမဝါယမအသင်းအနေဖြင့် ဒေသတွင်း ရုံးသုံး၊ ကျောင်းသုံးစာအုပ်ဟောင်းများနှင့် စာရွက် အပိုင်းအစများကို Recycle ပြုလုပ်၍ ပျော့ဖတ်များမှတစ်ဆင့် စက္ကူ(အကြမ်း/အချောများ)၊ တစ်ရှူးစက္ကူများနှင့် ကတ်ထူစက္ကူများကို ထုတ်လုပ်ရောင်းချလျက်ရှိရာမှ ကချင်ပြည်နယ် အစိုးရအဖွဲ့က ဒေသတွင်း ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရေးနှင့် ပထမဆုံး နှစ်ဖက်ချောစက္ကူ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (ရန်ပုံငွေစက်ဝန်း) အလိုက် သိန်း ၁၀၀၀ ကျော် မတည်ပေးခဲ့သဖြင့် နှစ်ဖက်ချောကျောင်းသုံးဗလာစာအုပ်များ တိုးတက် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖြိုးဝေဝေစက္ကူနှင့်စာအုပ် ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်က မန်ခိန်ရပ်ကွက်အတွင်း တစ်ရှူးစက်၊ တစ်ဖက်ချောစက်နှင့် နှစ်ဖက်ချောစက်ကြီးများပါရှိသည့် စက်ရုံသစ်တည်ထောင်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သွားရောက်ကြည့်ရှုအားပေးသည်။

အဆိုပါ စက်ရုံသစ်တွင် စက်ကြီးများဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ ကို တိုးတက်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း အပြည့်အဝလည်ပတ်နိုင် ပါက တစ်နှစ်လျှင် တစ်ဖက်ချောစက္ကူတန် ၉၀၀၊ တစ်ရှူးစက္ကူတန် ၁၀၀၀ နှင့် နှစ်ဖက်ချောစက္ကူ ခန့်မှန်းတန် ၉၀၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ပြီး တစ်ရှူးငှက်ပျောမှတစ်ဆင့် ငှက်ပျောစက္ကူထုတ်လုပ်နိုင်ရေးကိုလည်း စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)