ခရီးသွားလုပ်ငန်းတွင် အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားတစ်ခုခု တတ်မြောက်ထားခြင်းသည် စီးပွားရေးအခွင့်အလမ်းများ၊ နှစ်နိုင်ငံမိတ်ဖွဲ့ အဖွဲ့အစည်းများနှင့် သံတမန်ဖလှယ်မှုများကို ပေါင်းကူးပေးသည့် ဗျူဟာမြောက် စွမ်းဆောင်မှုတစ်ခုဖြစ်

နေပြည်တော် ဇူလိုင် ၃၀

 

ယနေ့ခေတ် ခရီးသွားလုပ်ငန်းတွင် အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားတစ်ခုခု တတ်မြောက်ထားခြင်းသည် စီးပွားရေးအခွင့်အလမ်းများ၊ နှစ်နိုင်ငံမိတ်ဖွဲ့ အဖွဲ့အစည်းများနှင့် သံတမန် ဖလှယ်မှုများကို ပေါင်းကူးပေးသည့် ဗျူဟာမြောက် စွမ်းဆောင်မှုတစ်ခုဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယနေ့နံနက်ပိုင်းတွင် Aureum Palace Hotel ၌ ကျင်းပသည့် ရုရှားဘာသာ စကား(အခြေခံ)သင်တန်း အမှတ်စဉ်(၄)ဖွင့်ပွဲတွင် ပြောကြားသည်။

 

ထို့ပြင် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတတ်မြောက်သည့် ဘာသာစကားဖြင့် မိမိနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုပုံရိပ်များကို မြှင့်တင်ကာ ဟိုတယ်နှင့် ခရီးသွားနယ်ပယ်တွင် ဘာသာစကား ကျွမ်းကျင်သည့် ဝန်ထမ်းများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးကို ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။

 

အခမ်းအနားတွင် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဆိုင်ရာ များကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ ရုရှားဘာသာစကား(အခြေခံ)သင်တန်းကို မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ တွင် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာ-ရုရှား နှစ်နိုင်ငံ အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာကဏ္ဍကို မြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ကြသည့် ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များကို ပြည့်စုံကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်စေရန် ရည်ရွယ်၍ ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဟိုတယ်များမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၄ ဦး တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ သင်တန်းနည်းပြများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်