ကန်ဘာရာ ဇူလိုင် ၃၀
ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေ ဒါဝင်မြို့ရှိ အကြီးဆုံးအိုးမဲ့အိမ်မဲ့ ခိုလှုံရေးစခန်းကို အောက်တိုဘာလတွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြောက်ပိုင်းနယ်မြေအစိုးရသည် အဆောက်အအုံပိုင်ရှင်နှင့် အငှားစာချုပ် ဆက်လက်ချုပ်ဆိုနိုင်ရေး ညှိနှိုင်းမှုများ မအောင်မြင်ခဲ့သဖြင့် အဆိုပါစခန်းကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ YiSSA ခိုလှုံရေးစခန်းတွင် လက်ရှိခိုလှုံနေထိုင်သူ ၃၀၀ ကျော်ရှိပြီး ယင်းတို့ အနက် ၁၃၀ ခန့်မှာ ကလေးများဖြစ်သည်။
လက်ရှိတွင် YiSSA ခိုလှုံရေးစခန်း၌ နေထိုင်သူများအား အောက်တိုဘာ ၁၁ ရက်မတိုင်မီ ပြောင်းရွှေ့ကြရန် အကြောင်းကြားထားပြီး အိုးမဲ့အိမ်မဲ့ခိုလှုံရေးစခန်းသို့ နောက်ထပ်လာရောက်နေထိုင်သူ အသစ်များကို လက်မခံတော့ရန်လည်း မြောက်ပိုင်းနယ်မြေအစိုးရက ညွှန်ကြားထားသည်။
အဆောက်အအုံပိုင်ရှင်နှင့် အငှားစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ မအောင်မြင်ပါက ဂေဟာကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လ အစောပိုင်းကတည်းက ကြေညာထားခြင်းဖြစ်သည်။ ဩစတြေးလျ နိုင်ငံရှိ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများအနက် မြောက်ပိုင်းနယ်မြေသည် အိုးမဲ့အိမ်မဲ့ဦးရေ အများဆုံးရှိသည့်ဒေသဖြစ်ပြီး ယင်းဒေသတွင် လူပေါင်း ၁၃၀၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့အဖြစ် နေထိုင်လျက်ရှိသည်။
ဆင်ဟွာ


