နေပြည်တော် ဇူလိုင် ၃၀
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရန် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အဆိုပါလမ်းကြောင်းပေါ်ရှိ မြို့/ ရွာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို မနေမနားအားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများသည် စနစ်တကျ စုဖွဲ့ပြင်ဆင်ပြီး ဇွန် ၇ ရက်မှစ၍ စစ်ကြောင်းများခွဲကာ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မနားညမအား သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော် စစ်ကြောင်းသည် လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ဇူလိုင် ၂၈ ရက်တွင် ဘုတ်ကန်စံပြကျေးရွာအထိလည်းကောင်း၊ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအထိလည်းကောင်း ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အောင်မြေချဲ့ထွင်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ဝိတုတ်ကျေးရွာ၊ တီးတိန်ယံကျေးရွာ၊ ရန်တိုင်းအောင်ကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အားလည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် တွီဘန်ကျေးရွာအား လည်းကောင်း ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ ဗုံးသီးများ၊ ခဲယမ်းများ၊ လက်လုပ် မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအတွင်း ယာယီစိုးမိုးအခြေပြု နေထိုင်ခဲ့စဉ်ကာလအတွင်း ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျ၍ ဆက်ကြေးကောက်ခြင်းများ ဆောင်ရွက်ရန်အတွက် လမ်းဘေးဝဲယာများတွင် သဲအိတ်များဖြင့် ဆောက်လုပ်ထားသည့် ဂိတ်တဲများ၊ ဒေသခံပြည်သူများ၏ နေအိမ်များကို အကာအကွယ်ရယူ၍ သဲအိတ်များ၊ သစ်လုံးများဖြင့် ခံစစ်စခန်းအဖြစ် အခိုင်အမာဆောက်လုပ်ထားသည့် ပစ်ကျင်းများ၊ ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများကို သိမ်းပိုက်ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးနိုင်ရေးနှင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အောက်တန်းကျစွာ လုပ်ဆောင်ခဲ့မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်နေရာများအား ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်းနှင့် ဒေသခံများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


