ဖိလစ်ပိုင်ထိပ်တန်းတင်းနစ်မယ် အလက်ဇန္ဒြား အယ်လာသည် မူဘာဒါလာဒီစီအိုးပင်းတင်းနစ် ပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် တရုတ်နာမည်ကြီး တင်းနစ်မယ် ကျင်ဝမ်ကျန်းကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၄-၆၊ ၆-၄၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
အယ်လာသည် ယခုလအစောပိုင်းက ကျင်းပခဲ့သည့် ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲတွင် နာမည်ကြီး မာယာဂျွိုင့်၊ လက်ရှိကမ္ဘာ့အဆင့် (၆)ရှိ ဆွီယာတက်ခ်တို့ကို ကျော်ဖြတ်ကာ ၁၆ ဦးအဆင့်အထိ တက်လှမ်းထားသူဖြစ်သည်။ ၎င်းသည် ယခုပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် လက်ရှိချန်ပီယံ ကနေဒါတင်းနစ်မယ် လေလာဖာနန်ဒက်စ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဖာနန်ဒက်စ်သည် ယမန်နှစ်က ကျင်းပခဲ့သည့် မူဘာဒါလာဒီစီအိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ရုရှားတင်းနစ်မယ် အန်နာကာ လင်စကာယာကို အနိုင်ယူပြီး ဖလားဆွတ်ခူးထားသူဖြစ်သည်။
လက်ရှိကမ္ဘာ့အဆင့် (၂၈) ရှိ အသက် ၂၁ နှစ်အရွယ် အယ်လာသည် ယခုပွဲစဉ်နိုင်ပွဲရရှိခဲ့သည့်အတွက် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် ကျင်ဝမ်ကျန်း၊ ဆွီယာတက်ခ်နှင့် ဗီကစ် စသည့် ထိပ်တန်းတင်းနစ်မယ်များကို အနိုင်ယူကျော်ဖြတ်ထားနိုင်ပြီဖြစ်သည်။
အောင်ဇော်


