ရန်ကုန် ဇူလိုင် ၂၉
သြဂုတ်လအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲ အုပ်စုမဲခွဲရာတွင် မြန်မာအသင်းသည် ဂျပန်ကလပ်သုံးသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဂျပန်နိုင်ငံမှ ကလပ်အသင်းများ၏ လူငယ်အသင်းများ၊ ဥရောပ၊ အာရှနှင့် အခြားနိုင်ငံများမှ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ ယူ - ၁၂ အသင်းမှာလည်း ယခုနောက်ပိုင်း နှစ်များတွင် နှစ်စဉ်ယှဉ်ပြိုင်လျက်ရှိသည်။
ယခုပြိုင်ပွဲအတွက် အုပ်စုမဲခွဲရာတွင် မြန်မာအသင်းသည် အုပ်စု (I) တွင် ဂျပန်ကလပ်အသင်းများ၏ လူငယ်အသင်းများနှင့် ကျရောက်နေပြီး အူရာဝါဝတ်ဒိုင်းမွန်းလူငယ် အသင်း၊ လီဘာတာဖူကူကာ ယူ-၁၂ အသင်း၊ ဘယ်မဲလ်လူငယ်အသင်းတို့နှင့် ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများ အဖြစ် သြဂုတ် ၂၁ ရက်တွင် ဂျပန်ကလပ် အူရာဝါဝတ် ဒိုင်းမွန်းလူငယ်အသင်း၊ သြဂုတ် ၂၂ ရက်တွင် ဂျပန်ကလပ် လီဘာတာ ဖူကူကာ ယူ-၁၂ အသင်း၊ ဂျပန်ကလပ် ဘယ်မဲလ်လူငယ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၂ အသင်းဖွဲ့စည်းရန် လူရွေးပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့ပြီး ပဏာမအဆင့် စတင်ရွေးချယ်ကာ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နှင့် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)တို့မှ ကစားသမားများနှင့် ထပ်ပေါင်းကာ လူရွေးပွဲပြုလုပ်ပြီး ပဏာမကစားသမားများ ရွေးချယ်ကာ ဇူလိုင် ၂၅ ရက်မှစ၍ စခန်းဝင်လေ့ကျင့်လျက်ရှိသည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - MFF


