နေပြည်တော် ဇူလိုင် ၂၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့ဝင်၂၀ နှင့် PDF အမည်ခံ အဖွဲ့များမှ အဖွဲ့ဝင် ၁၂ ဦးတို့သည် လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ လေးဦး၊ မင်းပြားမြို့နယ်မှ တစ်ဦး၊ သံတွဲမြို့နယ်မှ ခြောက်ဦး၊ ရမ်းဗြဲမြို့နယ်မှ တစ်ဦး၊ မြေပုံမြို့နယ်မှ နှစ်ဦး၊ တောင်ကုတ်မြို့နယ်မှ တစ်ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ သုံးဦး၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ တစ်ဦး၊ လေးမျက်နှာမြို့နယ်မှ တစ်ဦး စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၂၀ နှင့် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ နှစ်ဦး၊ ပုသိမ်မြို့နယ်မှ နှစ်ဦး၊ ဓနုဖြူမြို့နယ်မှ နှစ်ဦး၊ လေးမျက်နှာမြို့နယ်မှ သုံးဦး၊ အင်္ဂပူမြို့နယ်မှ တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ တစ်ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ တစ်ဦး စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါလာသည့် MA-1 အမျိုးအစား မောင်းပြန်ရိုင်ဖယ် နှစ်လက်၊ MA-2 အမျိုးအစား မောင်းပြန်ရိုင်ဖယ် တစ်လက်၊ BA-63 မောင်းပြန်ရိုင်ဖယ် နှစ်လက်၊ Type-81အမျိုးအစား ငါးလက်၊ M-22 အမျိုးအစား မောင်းပြန်ရိုင်ဖယ် တစ်လက်၊ LM-16 ပါရီစက်လတ် တစ်လက်၊ AK-47 အမျိုးအစား မောင်းပြန်ရိုင်ဖယ် တစ်လက် စုစုပေါင်းလက်နက်မျိုးစုံ ၁၃ လက်၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ခြောက်လုံး၊ ကျည်မျိုးစုံ ၄၅၆ တောင့်နှင့် ကျည်အိမ်မျိုးစုံ ၂၀ တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်/ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား သေနတ်တစ်လက်လျှင် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် ၁၃ လက်အတွက် ငွေကျပ်သိန်း ၆၅၀၊ လက်ပစ်ဗုံး ခြောက်လုံးအတွက် ဆုကြေးငွေကျပ် ၁၈ သိန်းနှင့် အလင်းဝင်ရောက်လာသူ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ၃၂ ဦးအတွက် ငွေကျပ် ၉၆ သိန်း စုစုပေါင်းချီးမြှင့်ငွေကျပ် ၇၆၄ သိန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်သတ်ဖြတ်ခြင်း၊ အဓမ္မမှုများ ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -
ကျွန်တော်ကတော့ AA တပ်ဖွဲ့ဝင် တစ်ယောက်ပါ။ ကျွန်တော် AA ထဲရောက်ရှိသွားတဲ့အကြောင်းကတော့ ဒီကောင်တွေက တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒီတော့ မလိုက်လို့ ရှောင်ပုန်းနေပြန်တော့လည်း ဒီကောင်တွေက အိမ်ကမိသားစုတွေကို အန္တရာယ်ပေးတယ်။ အိမ်ကမိသားစုကို ခြိမ်းခြောက်တာမျိုး၊ အိမ်ကိုချိပ်ပိတ်တာတွေ၊ ခေါ်ပေး မခေါ်ပေးရင် ရှိတဲ့သူဆွဲမယ်။ ဒီလိုနဲ့ ကျွန်တော်တို့ AA ထဲ ရောက်ခဲ့တယ်။ ဟိုရောက်တဲ့အခါ သင်တန်းတက်ရတယ်။ ဒီကောင်တွေက ရိုင်းစိုင်းအားကြီးတယ်။ ပြောတာဆိုတာ လုပ်တာကိုင်တာလည်း တစ်ခုမှမဟုတ်ဘူး။ စားတာသောက်တာကအစ အဆင်မပြေဘူး။ ကိုယ့်သားလောက်ရှိတဲ့ ကောင်လေးတွေကအစ အားလုံး အထက်အောက် ညှဉ်းပန်းနှိပ်စက်မှုကို ပြုလုပ်တယ်။ သင်တန်းဆင်းပြန်တော့လည်း နေရထိုင်ရတာတွေ အဆင်မပြေဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့နေရတယ်။ ကျွန်တော်တို့ဆိုရင် သင်တန်းဆင်းတာနဲ့ ရှေ့တန်းပို့တယ်။ ရှေ့တန်းပို့တဲ့အခါ ကျွန်တော်တို့မှာ လွယ်အိတ်လည်းမရှိဘူး။ ရှေ့တန်းရောက်တော့ တိုက်ပွဲတစ်ခါမှ မတိုက်ဖူးတဲ့သူကို တိုက်ဆိုတိုက်ရမယ်၊ မင်းတို့ပြန်မဆင်းလာနဲ့၊ မင်းတို့တိုက် မနိုင်ရင်နိုင်အောင်တိုက်ရဖို့ဆိုတဲ့ အနေအထားမျိုးတွေရှိတယ်။ ကျွန်တော်တို့ ပြန်ပြေးချင်ပေမယ့်လည်း ပြေးလို့မရဘူး။ ကိုယ့်လူ အချင်းချင်းပစ်ဖို့ သေနတ်နဲ့ အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေရှိတယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ရှိတယ်။ ပြေးမယ်လို့ပြောလိုက်တယ်။ ဒီနေရာမှာ ဒီအဖွဲ့အစည်းမှာ မနေတော့ဘူး။ အဆင်မပြေဘူး။ ပြေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူငယ်ချင်းနှစ်ယောက် ပြေးလာတာပေါ့။ ပြေးလာတော့ သူငယ်ချင်း သေနတ်တွေပါယူဆိုပြီး သေနတ်တွေပါ ပါလာခဲ့တယ်။ ဒီကောင်တွေက သေနတ်ပါတဲ့အခါကျတော့ အမိအရလိုက်တယ်။ အမိအရလိုက်ပြီး လမ်းမှာလိုက်ဖမ်းတယ်။ ကျွန်တော့်ကို လိုက်ဖမ်းတော့ ကျွန်တော်နဲ့ တိုက်ပွဲဖြစ်တယ်၊ အချင်းချင်း ကျွန်တော်လည်းပြန်ပစ်တယ်။ ကျွန်တော့်သူငယ်ချင်းက ပြန်မပစ်တဲ့အတွက် အဖမ်းခံသွားပါတယ်။ ကျွန်တော်ကတော့ ပြန်ပစ်တဲ့အတွက် ကျွန်တော့်ကိုတော့ လိုက်ပြီးမဖမ်းတော့ဘူး။ ကျွန်တော်ကတော့ အန္တရာယ်ကင်းကင်းနဲ့ပဲ ဒီဘက်ရောက်လာတယ်။ ဒီဘက်ရောက်တော့လည်း ရောက်တာနဲ့ နေရထိုင်ရတာကအစ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော်ပြောနေတဲ့ အသံဖိုင်ကို AA မှာ ကျန်ခဲ့တဲ့ ညီတွေ၊ သူငယ်ချင်းတွေ တွေ့ရင် ကျွန်တော့်လိုပဲ အလင်းဝင်ပါ။ ဒီဘက်မှာ တချို့ကစိုးရိမ်တာ တွေရှိတယ်။ ဒီဘက်ရောက်ရင် ဖမ်းဖို့လား၊ အဲဒီလိုမျိုးလည်း မဖမ်းဘူး။ နှိပ်လည်းမနှိပ်စက်ဘူး။ အေးအေးဆေးဆေးကြိုဆိုတယ်။ အေးအေးဆေးဆေး ထားတယ်။ အေးအေးဆေးဆေးအိပ်ရတယ်။ ကျွန်တော်ပြောချင်တာက ရခိုင်မှာကျန်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတွေ ရှေ့တန်းစစ်မြေပြင်ရောက်နေတဲ့ သူငယ်ချင်းတွေကို ဒီဗီဒီယိုဖိုင်ကြည့်ပြီးတော့ အလင်းဝင်စေချင်ပါတယ်။ တပ်မတော်ဘက်ကို ရောက်တော့ ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေးကြိုဆိုတယ်။
ကျွန်မယောက်ျားနဲ့ PDF ထဲကို ဝင်တယ်။ ဝင်ပြီးတော့ ရခိုင်ဘက်မှာ နေခဲ့ရတယ်။ ပြီးတော့ သင်တန်းတုန်းက ရိုက်နှက်တာတွေရှိတယ်။ အဲဒါတွေ မြင်တွေ့ရတယ်။ ကျွန်မတို့တွေ မသုံးမစွဲ မစားမသောက်ဘဲ နေခဲ့ရတယ်။ သတင်းပေးပြန်တော့လည်း ဘယ်သူသုံးခိုင်းတာလဲ ဘာလဲနဲ့ အဲဒီလိုမျိုးတွေ လုံးဝကို စိတ်ဖိစီးမှုတွေများတယ်။ တစ်ကယ်လို့ ထွက်ပြေးသွားပြီး ပြန်မိလာပြီဆိုရင် အသားကုန်ရိုက်တယ်။ အဲဒီတော့ ကျွန်မတို့ အလင်းဝင်ဖို့ဆိုတာ တော်တော်ကိုကြောက်တာ။ ဒီဘက်မှာတောင် ဒီလောက်ရိုက်နေရင် ဟိုဘက်ကလည်း အဲဒီလို ရိုက်နှက်မှာပဲဆိုပြီးတော့ နှိပ်စက်တယ်။ လူတွေကို ကြောက်စိတ်တွေဖြစ်အောင် သွင်းပေးထားတာပါ။ အမြဲတမ်း ကြောက်စိတ်ဖြစ်တယ်။ ပြီးတော့ လူတစ်ယောက်မှာ ပစ္စည်းဘာပါလဲ၊ ရွှေပါလား ရွှေသိမ်းတယ်။ ပိုက်ဆံပါလား၊ ပိုက်ဆံ ဘယ်နှစ်သိန်းပါလဲ၊ သိမ်းတယ်။ ပြီးရင် ဆိုင်ကယ်ပါလား ဆိုင်ကယ်သိမ်းတယ်။ သူတို့မှာ အမြတ်ကြီးစား ဂုတ်သွေးစုပ် အဲဒီလိုကြီးပဲလုပ်နေတယ်။ သူတို့မှာ အဲဒီစိတ်ဓာတ် အမြဲရှိတယ်။ ဖုန်းသုံးရတာကအစ အဆင်မပြေဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရဘူး။ ကိုယ်မရှိရင် ကိုယ်မစားရဘူး။ နောက်ကျတော့ ကျွန်မကျန်းမာရေး မကောင်းလို့ဆိုပြီးတော့ အကြောင်းပြတယ်။ ကျန်းမာရေး တော်တော်မကောင်းဖြစ်လို့ ဆေးရုံသွားပါရစေ။ ကျွန်မယောကျ်ားနဲ့ပဲ အတူတူနေပါရစေတော့လို့ တင်ပြတော့ ကျွန်မအချုပ်ထောင်ထဲမှာ နေရပါတယ်။ မိန်းကလေး အချုပ်ထောင်မှာကျတော့ တာဝန်နဲ့ နေရပါတယ်။ နေပြီးတော့ နှစ်လပိုင်းလောက်မှာ ကျွန်မယောကျ်ား အလင်းဝင်သွားတယ်။ အဲဒီမှာနေရာက ကွဲနေတော့ ကျွန်မကို မခေါ်နိုင်ဘူး။ အလင်းဝင်သွားပြီးတဲ့ နောက်ပိုင်းမှာ ကျွန်မကိုလည်း စောင့်ကြည့်နဲ့ ပဲထားတယ်။ အချုပ်သားတွေနဲ့ မိန်းကလေးနှစ်ယောက်၊ ယောကျ်ားလေး လေးယောက်၊ ကလေးတစ်ယောက်နဲ့ ကျွန်မ အဲဒီမှာ ညဘက်ကြီး ထွက်ပြေးတယ်။ ဒီဘက်ကို အလင်းဝင်ခဲ့တယ်။ ကျွန်မတို့ ကြားထားတာက ဒီဘက်ကို အလင်းဝင်လို့ရှိရင် ရိုက်နှက်တယ်။ အဆင်မပြေဘူးလို့ ကြားထားပါတယ်။ တကယ်တော့ ရောက်လာတဲ့ အချိန်မှာ လုံးဝတခြားစီပါ။ နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ ကျွန်မတို့ ထင်ထားတာထက်တောင် ပိုကောင်းပါတယ်။ ကျွန်မတို့က အဲဒီလိုတောင် မထင်ထားပါဘူး။ အမြဲနှိပ်စက်မယ်လို့တောင် ထင်ထားတာပါ။ ကျွန်မတို့ လမ်းမှားကို ရောက်သွားတော့ ကျွန်မမိဘတွေတောင် မသိပါဘူး။ ဒါပေမဲ့ ဒီကနေပြီးတော့ပဲ ကျွန်မမိဘတွေကို တောင်းပန်ပါတယ်။ ကျွန်မတို့ လမ်းမှားရောက်သွားတယ်။ အခုလိုအချိန်မှာ ကျွန်မတို့ ပြန်ရမယ်ဆိုရင်တော့ အလွန်ဝမ်းသာပါတယ်။ အမေ့ကို မတွေ့ရတာ တော်တော်ကြာပြီဆိုတော့ အဖေနဲ့အမေနဲ့လည်း ဝမ်းသာမယ်လို့ မျှော်လင့်ပါတယ်။ တပ်မတော်က အခုလို နွေးနွေးထွေးထွေးကြိုဆိုပေးတဲ့အတွက် ကျွန်မတို့က ကျေးဇူးတင်ပါတယ်။
သတင်းစဉ်


