ရန်ကုန် ဇူလိုင် ၂၆
MFF ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ YCDC Dream Team အသင်း ဗိုလ်စွဲခဲ့သည်။
တတိယနေရာလုပွဲတွင် M2K အသင်းက KSL အသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ M2K အသင်းသည် အပြန်အလှန်သွင်း ဂိုးများဖြင့် အနိုင်ယူကာ တတိယနေရာရယူနိုင်ခဲ့ပြီး တစ်မိနစ်တွင် ထက်ဝေလာ၊ ၂၈ မိနစ်တွင် သိုင်းဘွဲ့အောင်၊ ၃၄ မိနစ်တွင် ကျော်ကျော်နိုင်တို့က သွင်းယူပြီး KSL အသင်းအတွက် ချေပဂိုးများ ကို ၂၃ မိနစ်တွင် ကောင်းမြတ်စိုး၊ ၃၅ မိနစ်တွင် ဇော်ပိုင်တို့က သွင်းယူသည်။ ဗိုလ်လုပွဲတွင် YCDC Dream Team အသင်းက YRG အသင်းကို သုံးဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သည်။ နိုင်ငံခြားသားကစား သမားများနှင့် လက်ရွေးစင်ကစားသမားအများစု ပါဝင် သော နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး YCDC Dream Team အသင်းက ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ YCDC Dream Team အသင်းအတွက် အနိုင်ဂိုးများကို ၁၁ မိနစ်တွင် ငြိမ်းမင်းစိုး၊ ၁၉ မိနစ်တွင် ထွန်းထွန်းဝင်း၊ ၃၉ မိနစ်တွင် ကျော်ရဲသွေးတို့က သွင်းယူခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ အသန့်ရှင်းဆုံးဆုရရှိခဲ့သော KSL အသင်းကို အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့သော YCDC Dream Team FC အသင်းမှ ကျော်ရဲသွေးကို အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံး(ယူ-၁၉) လူငယ်ကစားသမားဆုရရှိသည့် Yangon Academy အသင်းမှ အောင်စည် ထက်ကို အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုရရှိခဲ့သော YRG အသင်းမှ ဝမ်ဒယ်မန်ဒက်အသင်းကို အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ စတုတ္ထဆုရရှိသော KSL အသင်းကို ဆုကြေးငွေကျပ် ၂၅ သိန်း၊ တတိယဆုရရှိသော M2K အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း ၅၀၊ ဒုတိယဆုရရှိသော YRG အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၇၅ သိန်း၊ ပထမဆုရရှိသော YCDC Dream Team အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးငွေကျပ်သိန်း ၁၀၀ နှင့် ချန်ပီယံဆုဖလားတို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


