ဘားအံ ဇူလိုင် ၂၁
ကရင်ပြည်နယ်၌ ယခုနှစ်အတွင်း ၁၁၁၅ ဧက စိုက်ပျိုးမည်ဖြစ်ပြီး ငါးနှစ်တာကာလအတွင်း ကော်ဖီဧက ၅၃၀၀ ကို တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင် ၂၀ ရက်က ဘားအံမြို့နယ် ကော့ပရံကျေးရွာ၌ ကျင်းပခဲ့သည့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲမှ သိရသည်။
အဆိုပါ ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ပြီး ရွှေတော၊ ဖအွံ၊ ကော့ကျိုက်၊ ကော့တရုတ်ရ၊ ကော့မူးတာ ကျေးရွာတို့မှ တောင်သူများအား ကော်ဖီပျိုးပင်များ ပေးအပ်ကာ တာဝန်ရှိသူများ၊ ကော်ဖီစိုက်တောင်သူများနှင့်အတူ ကော်ဖီပင်များ စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ဘားအံမြို့နယ် ရဲသာကျေးရွာရှိ တောင်သူများ၏ မွေးမြူရေးခြံများကို သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့ထောက်ပံ့သော အာဟာရဆားခဲများနှင့် တိရစ္ဆာန်သုံးဆေးဝါးများကို ပေးအပ်သည်။
ယင်းနောက် ဘားအံမြို့နယ် ရဲသာကျေးရွာရှိ Home Garden နှင့် Organic စိုက်ပျိုးနည်းစနစ် တွဲဖက်ပါဝင်သော Pilot Project Site တွင် တောင်သူ ၃၃ ဦး၏ အောင်မြင်ဖြစ်ထွန်းနေသော မုန်ညင်း၊ ကိုက်လန်၊ ကန်စွန်း၊ ဆလပ်၊ ချဉ်ပေါင်၊ မုန်လာ၊ ရုံးပတီ၊ ခရမ်း စိုက်ခင်း ၇ ဒသမ ၁၀ ဧကကို ကြည့်ရှုအားပေး ပြီး စိုက်ပျိုးတောင်သူများအား ယူရီးယားဓာတ်မြေဩဇာ၊ မှိုမျိုးထုပ်နှင့် မျိုးစေ့ထုပ်များကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


