ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်း ကျင့်သုံးရေးဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၁၈

 

(ASEAN Economic Community–AEC)အေအီးစီ ၂၀၂၅ အတွက် အာဆီယံ စီးပွားရေး အသိုက်အဝန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီမှ ဖွဲ့စည်းပေးထားသော “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာလုပ်ငန်းကော်မတီ”၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံ ၂၀၂၅ တွင်ပါရှိသော လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်း ကော်မတီ (၂၂) ရပ်ကို သက်ဆိုင်ရာကဏ္ဍအလိုက်ဖွဲ့စည်းထားရှိရာ “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာ လုပ်ငန်းကော်မတီ” သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ အနေဖြင့်လည်း GRP ဆိုင်ရာ လုပ်ငန်းစီမံချက်အရ GRP ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစီမံချက် ပါ အဓိကလုပ်ငန်းကြီး (၄) ရပ်တွင် ပြဋ္ဌာန်းဖော်ပြထားသည့် ဦးစားပေးနယ်ပယ်များနှင့် မဟာ ဗျုဟာများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ်အချိန်ကာလများအတိုင်း ဆောင်ရွက်သွားကြခြင်း ဖြင့် နိုင်ငံအတွင်း Good Governance ၊ e-Government ၊ Stakeholders Engagement ကိစ္စရပ်များ တိုးတက်လာစေခြင်း၊ လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲများကို လျှော့ချပေးပြီး ပိုမိုကောင်းမွန်ပြီး ထိရောက်မှုရှိသော စီမံမှု လုပ်ထုံးလုပ်နည်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခြင်းဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန/ ဦးစီးဌာနများအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်သည့် အကျိုးရလဒ်ကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ အဖွဲ့ဝင်ဌာနများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ကော်မတီဝင်များ၏ အကြံပြု ဆွေးနွေးမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ် ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်