နိုဝင်ဘာ ၁၆
ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့မြောက်ဘက်ရှိ အီဘာရာကီစီရင်စုတွင် ယာဉ်ခုနစ်စီးပါဝင်သည့် ယာဉ်တိုက်မှုကြီး ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
ဂျပန်နိုင်ငံပိုင် အင်န်အိတ်ချ်ကေအသံလွှင့်ဌာန၏ ဖော်ပြချက်အရ ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် အီဘာရာကီစီရင်စုရှိ ဂျိုဘန်အမြန်လမ်းမကြီး၏ လမ်းပိုင်းတစ်ခု၌ ယာဉ်များဆင့်ကဲတိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ အရေးပေါ်ဖုန်းခေါ်ဆို အကြောင်းကြားခဲ့သည်ဟု သိရသည်။
အဆိုပါမတော်တဆမှုတွင် ခရီးသည်တင်ကားများနှင့် အမှိုက်ကားများအပါအဝင် ယာဉ် ခုနစ်စီး ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
အာဏာပိုင်များသည် ထိုမတော်တဆမှုဖြစ်ပွားသည့်အခြေအနေများကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


