ကာမိုင်း၊ ၆ ဒီဇင်ဘာ  

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် တည်ရှိသည့် လဝါးကျေးရွာအနီး၌ စိုက်ပျိုးထားသော ရာသီပေါ် နှစ်ရှည်အော်ဂဲနစ် လိမ္မော်သီးပင်များ အောင်မြင်ဖြစ်ထွန်းသော်လည်း အရောင်းအဝယ် ပါးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော် လိမ္မော်သီးကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ စတင်စိုက်ပျိုးခဲ့ပါတယ်။ ဒီလိမ္မော်သီး စိုက်ပျိုးရတဲ့အခါမှာ အခက်အခဲတော့ရှိပေမယ့် ကျွန်တော်ကိုယ်တိုင်က ဝါသနာပါတာဖြစ်တဲ့အတွက်ကြောင့် ကြိုးစားပြီးစိုက်ပျိုးခဲ့တယ်။ စိုက်ပျိုးရတဲ့အခါမှာလည်း ပထမဦးဆုံးအနေနဲ့ မျိုးစေ့ကိုယူပြီး ပျိုးရပါတယ်။ နှစ်နှစ်ခွဲ သုံးနှစ်လောက်ပျိုးပြီးမှ အပင်ဟာ နှစ်ပေသုံးပေလောက် ရှိလာပါတယ်။ အဲဒီလောက်ကြမှ ပျိုးပင်ကိုစိုက်ရပါတယ်၊၊ ပျိုးပင်ကိုစိုက်ထားပြီးရင်လည်း ပြစ်ထားလို့မရပါဘူး။ ပေါင်းတွေများများ ရှင်းပေးရပါတယ်။ ပိုးတွေမကျအောင် ကြည့်ပေးရပါတယ်။ အပင်တွေကြီးလာတဲ့ အခါမှာလည်း ပျိုးပင်စိုက်ပြီးတဲ့နောက် ခုနစ်နှစ် ရှစ်နှစ်လောက်မှ စသီးပါတယ်ဟု လဝါးကျေးရွာမှ လိမ္မော်စိုက် တောင်သူ ဦးနော်ဂျာက ပြောသည်။

 

အဆိုပါ လိမ္မော်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော်လည်း ယခင်နှစ်ထက် အရောင်းအဝယ်ပါးသွား သွားကြောင်းကို “ကျွန်တော်ခြံက  ဆယ်နှစ်ကျော်ပြီဖြစ်ပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် အသီးလည်း ကိုယ်ပြုစုနိုင်သလို ပိုများလာပါတယ်။ ရောင်းရတဲ့အခါမှာလည်း သူ့ဝင်ငွေနဲ့သူတော့ ရောင်းရပါတယ်။ ဒီနှစ်မှာဆိုရင် လိမ္မော်သီးဟာ ယခင်နှစ်ထက် အသီးပိုသီးပေမယ့် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် အရောင်းအဝယ်က နည်းနည်းပါးသွားတယ် ဟု ၎င်းက ဆက်ပြောသည်။

 

ကချင်ပြည်နယ်အတွင်း၌ လဝါး လိမ္မော်သီးသည် အရောင်းအဝယ်ကောင်းပြီး ဈေးကွက်ဝင်သည့်အတွက် အခြားသော လိမ္မော်သီးများထက် နာမည်ရ ရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သော်လည်း ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် အရောင်းအဝယ်နည်းပါးနေကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)