ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအတွက် နှာခေါင်းစည်း ၆ဝ,ဝဝဝ ပေးအပ်လှူဒါန်း

၂၃ မတ်

 

Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်း ၆၀,၀၀၀ (ခြောက်သောင်း) ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းက ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကောင်စစ်ပရဝုဏ်အတွင်းရှိ နိုင်ငံခြားရုံးများ ဝန်ဆောင်မှုဌာနတွင် ယူနန်ပြည်နယ်ကိုယ်စား ပြည်နယ်ပြည်သူ့ အစိုးရနိုင်ငံခြားရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kulh က လွှဲပြောင်းပေးခဲ့ပြီး ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူခဲ့ခြင်း ဖြစ်သည်။

 

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kun က ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ် တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား မြန်မာ့စီးပွားရေး ပူးတွဲ တည်ထောင်ရေးမူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ ရေးထိုးထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို မန္တလေးတိုင်း ဒေသကြီးသို့လည်းကောင်း၊ ကျန်နှာခေါင်းစည်း ၃၂,၀၀၀ ကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် လိုအပ်သည့်ဒေသများသို့ ဖြန့်ဝေပေးရန် လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

လှူဒါန်းမှုအခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ နှာခေါင်းစည်း ၆၀,၀၀၀ အား မတ် ၂၄  ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်သည်။

 

သတင်းစဉ်