ယာကွန်သီးနှံစိုက်ပျိုးလိုသူတောင်သူများအတွက် နည်းစနစ်နှင့် မျိုးဖြန့်ဝေပေးမည်

ရန်ကုန် ၂၉ ဇန်နဝါရီ


ယာကွန်သီးနှံ စိုက်ပျိုးလိုသူ တောင်သူများအတွက် နည်းစနစ်နှင့် သားတက်မျိုးများကို လာမည့်မတ်လအတွင်း စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲမှ ဦးစီးအရာရှိ ဦးစောဝင်းနောင်က ပြောသည်။


''တောင်သူတွေ စိတ်ဝင်စားလို့ စိုက်ပျိုးချင် တယ်ဆိုရင် ကျွန်တော်တို့ဌာနအနေနဲ့ သားတက်တွေနဲ့ စိုက်ပျိုးနည်းစနစ်တွေ ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မတ်နဲ့ ဧပြီလအတွင်းမှာ စတင်ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ ဆေးဖက်ဝင်ပြီး ဈေးကွက်အရ တွက်ခြေကိုက်တဲ့ သီးနှံဖြစ်တဲ့အတွက် ယခုအခါမှာ တောင်တန်း ဒေသကတောင်သူတွေ စိုက်ပျိုးမှု တစ်နှစ်ထက်တစ်နှစ် များပြားလာလျက်ရှိပါတယ်'' ဟု ဦးစောဝင်းနောင်က လှည်းကူးမြို့နယ် ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ကျင်းပသော အခမ်းအနားတွင် ပြောကြားသည်။


ယာကွန်သီးနှံကို မြန်မာနိုင်ငံတွင်ယာကွန်၊ ရေကန်စွန်း၊ ဂျပန်အာလူးစသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြောင်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ် ရွာငံနှင့် ပင်လောင်း၊ ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်မြို့များအပြင် တချို့ကုန်းမြင့်ဒေသများတွင်လည်း စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း၊ စတင်စိုက်ပျိုးပြီး ခြောက်လအကြာတွင် ခူးဆွတ် နိုင်ကြောင်း၊ ခူးဆွတ်ခြင်းမပြုဘဲ မြေကြီးထဲတွင် သုံးနှစ်ကြာအထိထားရှိနိုင်ကြောင်း၊ ယာကွန်သီးနှံသည် နေကြာရိုင်းပင်နှင့်သ္ဌာန်တူပြီး အမြင့်လေးပေမှ ငါးပေအထိမြင့်ကြောင်း၊ ကော်ဖီစိုက်ခင်းများအတွင်း တန်းကြားအဖြစ်လည်းစိုက်ပျိုးနိုင်ပြီး တစ်ဧက ၅၄၄၅ ပင် ဝင်ဆံ့ကာ တစ်ဧက ပိဿာ ၉ဝဝဝ ခန့်ထွက်ရှိနိုင်ကြောင်း၊ တစ်ဧက အသားတင် အမြတ် ကျပ်သိန်း ၃ဝ ခန့်ရှိနိုင်ပြီး မျိုးအဖြစ်ရောင်းပါက တစ်ဧက ကျပ် ၁၄၅ သိန်းအထိ ရရှိနိုင် ကြောင်း သိရသည်။


ယာကွန်ဥကို အစိမ်းစားသုံးနိုင်သည့်အပြင် တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အခြောက်ခံ၍ လည်းကောင်း၊ အနှစ်အရည်ပြုလုပ်၍ ဓာတ်စာ အဖြစ်စားသုံးနိုင်ကြောင်း၊ အထူးသဖြင့် ယာကွန် အရွက်ကို လက်ဖက်ခြောက်ပြုလုပ်၍ သောက်သုံး ပါက ဆီးချိုရောဂါကို အထူးသက်သာစေနိုင် ကြောင်း၊ စိုက်ပျိုးလိုသူ တောင်သူများအနေဖြင့် နေပြည်တော်ရုံးအမှတ် - ၅ဝ၊ ဖုန်း ဝ၆၇ -၄၃၁၃၁၅ နှင့် ၄၃၁၂ဝ၅ သို့လည်းကောင်း၊ ပြင်ဦးလွင် ဖုန်း ဝ၈၅ -၂၂၁၃၆ သို့လည်းကောင်း ဆက်သွယ်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


မြင့်မောင်စိုး