တတိယအကြိမ် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာပန်း(၁၀)မျိုး လက်မှုအနုပညာထုတ်ကုန် ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲကျင်းပ

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်များ ပြည်တွင်းပြည်ပဈေးကွက် ပိုမိုရရှိစေရန်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီး ပိုမိုရရှိရေး အထောက်အကူဖြစ်လာစေရန်၊ မြန်မာ့ရိုးရာ လက်မှုအနုပညာလုပ်ငန်းများ တိမ်ကောပပျောက်မှုမရှိစေရန်နှင့် ထိန်းသိမ်းမြှင့်တင်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော တတိယအကြိမ် အသေးစားစက်မှု လက်မှုနှင့် မြန်မာ့ရိုးရာပန်း (၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးပရိုမိုးရှင်း ဧရိယာတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးပြီး အဖွင့်အမှာစကားပြောကြားကာ ပြခန်းများကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းဝင်များ၊ အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် မန္တလေးမျက်ပါးရပ် ရွှေဆိုင်း လုပ်ငန်းထုတ်လုပ်မှု လုပ်ငန်းများပြသထားမှုနှင့် မြန်မာ့ရိုးရာပန်း (၁၀)မျိုး လက်မှုအနုပညာပြခန်းများ၊ အသေးစားစက်မှု လုပ်ငန်းပြခန်းများအား ကြည့်ရှု့အားပေးကြသည်။ ပြပွဲတွင် မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်သည့် နည်းပညာသင်တန်း တက်ရောက် ပြီး ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ ပြည်တွင်းစားသောက်ကုန်များ၊ အလှကုန်၊ လူသုံးကုန်များ၊ မြန်မာ့ရိုးရာပန်း(၁၀)မျိုး လက်မှုအနုပညာ ပစ္စည်းများ၊ အသေးစားစက်မှုလုပ်ငန်းများ ပြသမည်ဖြစ်ပြီး ပန်း(၁၀)မျိုး လက်မှုအနုပညာပြခန်း ၆၀၊ စားသောက်ကုန်ပြခန်း ၂၇ ခန်း၊ လူသုံးကုန်နှင့် အလှကုန် ပြခန်း ၁၆ ခန်း၊ အထွေထွေ စက်မှုပြခန်း ၁၇ ခန်း စုစုပေါင်းပြခန်း ၁၂၀ ပါဝင်ပြသထားသည့်အပြင် အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး အထောက်အကူပြု ဟောပြောပွဲနှင့် ကုန်ပစ္စည်းအရောင်းမြှင့်တင်ရေး ဖျော်ဖြေပွဲများလည်း ထည့်သွင်းကျင်းပကြောင်း သိရသည်။     

                                                                              

မောင်ပြည်သူ(မန္တလေး)