တရုတ်ကဝယ်ယူနေသည့် မြန်မာဖရဲသီးများ ဈေနှုန်းကျဆင်း

mdn

မူဆယ် ၆ ဇွန် 

 

ယခုနှစ် ဖရဲသီးရာသီ စတင်ခဲ့သည့် ဖေဖေါ်ဝါရီလမှ ဧပြီကြားကာလ မူဆယ်ဈေးကွက်၌ ဖရဲတစ်တန်လျှင် တရုတ်ငွေ ယွမ်(၁,၀၀၀)မှ (၂,၅၀၀) အထိ ဈေးရှိခဲ့သော်လည်း ယခုဇွန်လဆန်း ဒုတိယဖရဲသီးရာသီတွင် ဖရဲတစ်တန်လျှင် ယွမ်(၃၀၀) မှ (၇၀၀)ကြားသာ ရှိကြောင်း သိရသည်။

 

 

ဈေနှုန်းကျဆင်းရသည့် အကြောင်းရင်းမှာ သင်္ကြန်ပြီးနောက်ပိုင်း တရုတ်နိုင်ငံက အနိမ့်ဆုံး လက်ခံနိုင်မည့် ဖရဲသီးတစ်လုံး၏ အလေးချိန်ကို ၁၅ ကီလိုဂရမ် (၁၃ ပိဿာ ဝန်းကျင်) ဟု သတ်မှတ်ခြင်းကြောင်းဖြစ်ပြီး ယခုလက်ရှိ မြန်မာဘက်က တင်သွင်းသည့် ဖရဲသီး တစ်လုံး၏ အမြင့်ဆုံး အလေးချိန်မှာ ၈ ကီလိုဂရမ်အောက်သာ ရှိနေသည့်အတွက် တရုတ်ဘက်က လက်မခံခြင်းနှင့် ယခင်ဝယ်လက် တရုတ်ကုန်သည်များက မြန်မာအဝယ်တော်များမှတဆင့် မြန်မာနိုင်ငံသားများအား ငွေကြိုတင်ပေးစနစ်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဧရာဝတီတိုင်း စစ်ကိုင်းတိုင်း မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် ဖရဲစိုက်စေပြီး ကိုယ်တိုင် တင်ပို့နေခြင်းတို့ကြောင့် ဖြစ်သည်။

 

ထို့ပြင်တရုတ်ပြည်တွင် ဖရဲစိုက်ပျိုးသည့် တောင်သူများကို သမဝါယမပုံစံဖြင့် ပြည်နယ်အလိုက် အားပေးဆောင်ရွက်နေခြင်း လက်ရှိ ဖရဲသီး ၁ ပိဿာ၏ သီပေါ-မူဆယ် သယ်ယူစရိတ်မှာ (၁၄၂)ကျပ် ဖြစ်နေသည့်အတွက် သယ်ယူစရိတ် မြင့်မားနေခြင်း စသည်တို့ကြောင့် ဈေးနှုန်းအဆမတန် ကျဆင်းသွားရခြင်း ဖြစ်သည်။ 

 

ထို့ကြောင့် မူဆယ်သို့ ဖရဲသီးတင်ပို့မှုမှာ သင်္ကြန်မတိုင်မီကထက် ၇၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ လားရှိုး၊ တန့်ယန်း ကျောက်မဲမြို့နယ်များနှင့် မူဆယ်နယ်စပ်ရှိ ဖရဲစိုက်ပျိုးသူများသည် တရုတ်သို့ မတင်သွင်းနိုင်သဖြင့် ဒေသတွင်းဈေးကွက်၌ ရောင်းချခဲ့ရာ တစ်လုံးလျင် (၅၀၀)ကျပ်သာ ဈေးနှုန်း ရရှိသည့်အတွက် ဖရဲစိုက်သူတို့ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 

ဆရာမောင်(မူဆယ်)