တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံးနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ ကြည့်ရှုလေ့လာ

မန္တလေး အောက်တိုဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့နှင့်အတူ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် နံနက်ပိုင်းတွင် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များကို အားပေးဆောင်ရွက်လျက်ရှိရာ စက်မှုဇုန်များအတွက် အရေးကြီးသော လျှပ်စစ်ဓာတ်အားရရှိရေးကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ စက်မှုဇုန်များ လိုအပ်ချက်အတိုင်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန်မှာ ကန့်သတ်ချက်များ ရှိနိုင်သဖြင့် ပုဂ္ဂလိကပိုင်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်မှုတို့ကို လေ့လာသိရှိပြီး ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ ယခုလို စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စက်မှုဇုန်တွင် စုပေါင်း၍ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ အခြေအနေအပေါ် မူတည်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ခြင်းကို စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ပါက မိမိတို့ လိုအပ်ချက်အတိုင်း သုံးစွဲနိုင်မည့်အပြင် ပိုလျှံမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် လျှပ်စစ်ဓာတ်အားလိုင်းသို့ ဆက်သွယ်ပေးပို့၍ ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းအတွက် လိုအပ်သည်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုအခါ လူမှုမီဒီယာများတွင် သတင်းတု၊ သတင်းမှားများ ပျံ့နှံ့လျက်ရှိရာ နိုင်ငံတော်မီဒီယာအနေဖြင့် သတင်းမှန်များ လျင်မြန်စွာ ထုတ်ပြန်နိုင်ရေး မီဒီယာပလက်ဖောင်း အမျိုးမျိုးမှ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်ကိုအခြေခံသည့် စက်မှုဇုန်များ ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်ထားပါကြောင်း၊ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မီဒီယာနည်းလမ်းဖြင့် ပါဝင်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးကူညီ ဆောင်ရွက်နေမှုနှင့်အတူ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ ပိုမိုအောင်မြင်စေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နည်းလမ်းများကိုသိရှိပြီး စီစဉ်အသုံးပြုနိုင်ရန် ဖြစ်ပါကြောင်းနှင့် အခြားစက်မှုလုပ်ငန်းရှင်များကိုလည်း အသိပညာမျှဝေပေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Green Power Energy Co.,Ltd မှ တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း သာစည်မြို့နယ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စတင်ဆောင်ရွက်ခဲ့မှု၊ ယခု တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်း ၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ထပ်မံ၍တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက MRTV DTH တစ်စုံကို တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက် ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် စက်ရုံစီမံကိန်းနယ်မြေအတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြသည်။

တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ တောင်တော်ကွင်း ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co.,Ltd က အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၈၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ကျောက်ဆည်ခရိုင် ရဲရမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြရာ ရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် တာဝန်ရှိသူများက စက်ရုံတည်နေရာ၊ နှစ်အလိုက်ဓာတ်အား ထုတ်လုပ်မှု၊ နှစ်အလိုက်ရေဝင်ရောက်မှု၊ ဓာတ်အားပေးစက်ကြီးများ ထိန်းသိမ်းပြုပြင်ဆောင်ရွက်မှုနှင့် ရေလှောင်တမံ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ယခုကဲ့သို့ ရေအားဖြင့် စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန်အတွက် စောင့်ကြည့်ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း စက်မှုလုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြပြီးနောက် ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ဆုငွေများ ပေးအပ်သည်။

ရဲရွာ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံကို မြစ်ငယ်မြစ်ပေါ်တွင် ကွန်ကရစ်တမံအမျိုး အစားဖြင့် ၂၀၀၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ရာ ရေလှောင်ပမာဏမှာ ၂၁ သိန်း ဧကပေရှိပြီး ၇၉၀ မဂ္ဂါဝပ် စက်အင်အား တပ်ဆင်ထားကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ ဆည်ရေဝင်ရောက်မှု ပမာဏအပေါ်မူတည်၍ စက်များ စတင်လည်ပတ်ခဲ့ရာ ယခုအခါ ဆည်ရေပြည့်ဝစွာ သိုလှောင်နိုင်ပြီဖြစ်၍ စက်စွမ်းအားပြည့်ဖြင့် လည်ပတ်နိုင်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်