ရန်ကုန်မြို့ပတ်ရထားခရီးသည် နှစ်သိန်းကျော်အထိ ဝန်ဆောင်မှုပေးနိုင်ရေး နှစ်ရှည်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်

မြန်မာ့ မီးရထားအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် လာမည့် ၂ဝ၂ဝ ပြည့်နှစ်ကျော်တွင် ရန်ကုန်မြို့ပတ်ရထားကို နေ့စဉ်ခရီးသည် နှစ်သိန်းကျော်အထိ ဝန်ဆောင်မှုပေးနိုင်ရေး နှစ်ရှည်စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်)မှ သိရသည်။ 

 

''ကျွန်တော်တို့ မြန်မာ့မီးရထားအနေနဲ့ လတ်တလော မြို့ပတ်ရထား အဆင့်မြှင့်တင်မှုတွေကို ပြီးခဲ့တဲ့ နှစ်အနည်းအငယ်အတွင်းကတည်းက ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ အဆင့်မြှင့်တင်မှု လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ ပြည်တွင်းက ပညာရှင်တွေ ပါသလို ပြည်ပ ပညာရှင်တွေနဲ့လည်း ဆွေးနွေး ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပ ပညာရှင်တွေ အနေနဲ့ အထူးသဖြင့် ဂျပန်နိုင်ငံက မြို့ပတ်ရထားနဲ့ ဆိုင်တဲ့ ပညာရှင်တွေနဲ့ အတူလက်တွဲဆောင်ရွက် လျက်ရှိပါတယ်။ ခုဆိုရင် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုကလည်း အထိုက်အလျောက် ပြီးစီးနေပါပြီ။ အဲဒီ အဆင့်မြှင့်တင်မှုအပိုင်းမှာ လည်း အပိုင်းလိုက်၊ အပိုင်းလိုက် ခွဲခြမ်းပြီး အဆင့် မြှင့်တင် ဆောင်ရွက်ပေးနေပါတယ်'' ဟု မြန်မာ့ မီးရထား (အောက်မြန်မာပြည်)မှ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

 

နေ့စဉ်ခရီးသည် ခုနစ်သောင်းကျော်ရှိ လတ်တလော ရန်ကုန်မြို့ပတ်ရထားကို မြန်မာ့မီးရထားအနေဖြင့် စုစုပေါင်း တွဲဆိုင်း၂၅ ဆိုင်းဖြင့် ပြေးဆွဲလျက်ရှိပြီး စုစုပေါင်း ခရီးသည် လိုက်ပါစီးနင်းနိုင်သော တွဲအရေအတွက်မှာ ၁၁ဝ ကျော်ကာ ခေါက်ရေအားဖြင့် နေ့စဉ် ၂၂ဝ ပြေးဆွဲ ပေးလျက်ရှိသည်။ ယင်းသို့ပြေးဆွဲရာတွင် နေ့စဉ် ခရီးသည်လိုက်ပါစီးနင်းမှုမှာ ခုနစ်သောင်းကျော် အထိရှိပြီး အထူးသဖြင့် နံနက်ပိုင်း ရုံးဆင်းချိန်၊ အလုပ်ဆင်းချိန်တို့တွင် ခရီးသည် ပိုမိုလိုက်ပါစီးနင်း လျက်ရှိသည်။ အထူးသဖြင့် နံနက်ပိုင်းနှင့် ညနေ ပိုင်းတွင် ခရီးသည်လိုက်ပါစီးနင်းမှုမှာ သတ်မှတ်ခုံ အရေအတွက်ထက်ပိုမိုကာ ရပ်စီးခရီးသည်များ ပိုမိုများပြားစွာ လိုက်ပါစီးနင်းလျက်ရှိသည်ကို တွေ့ရသည်။ 

''ရန်ကုန်မြို့ပတ်ရထား နေ့စဉ်ခရီးသည် လိုက်ပါစီးနင်းမှုကို ကြည့်မယ်ဆိုရင် အရင်နဲ့စာရင် တော့ အနည်းငယ်ကျဆင်းသွားတာ တွေ့ရပါတယ်။ အထူးသဖြင့် YBS တွေ ပြောင်းလဲပြီးတဲ့ နောက်ပိုင်းပေါ့။ အရင်ကဆို ဒီထက်မက ခရီးသည် လိုက်ပါစီးနင်းမှု ပိုများပါတယ်။ ခုတော့ မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုတွေကလည်း ဆောင်ရွက်နေတော့ အခိုက်အတန့်လေးတော့ ခရီးသည်တွေအနေနဲ့ သည်းခံပြီး လိုက်ပါစီးနင်းဖို့ လိုပါမယ်။ ဒီလမ်းပိုင်းတွေ အဆင့်မြှင့်တင်ပြီးလို့ ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းဆိုရင်တော့ နေ့စဉ် ခရီးသည် နှစ်သိန်းကျော်အထိ ဝန်ဆောင်မှုပေး နိုင်ဖို့ မျှော်မှန်းထားပါတယ်'' ဟု တိုင်း- ၇ မြန်မာ့မီးရထားမှ တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။

 

ယခုအခါ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူ များ ယခုထက် နေ့စဉ်ဝန်ဆောင်မှုပေးနိုင်ရေး မြန်မာ့မီးရထားမှ အရှေ့ဘက်ခြမ်းနှင့် အနောက် ဘက်ခြမ်းဟူ၍ အခြမ်းနှစ်ခြမ်းခွဲကာ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရာခိုင်နှုန်း အားဖြင့် အထိုက်အလျောက်ပြီးစီးနေပြီ ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို ယခုနှစ်ဆန်းပိုင်းမှ စတင် ကာ အကောင်အထည်ဖော်လျက်ရှိပြီး လာမည့် ၂ဝ၁၉ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကြာမြင့်ချိန်ကို ကာလအားဖြင့် ပျမ်းမျှနှစ်ဝက်အချိန်ယူထားပြီးလမ်းပိုင်းအခြေအနေပေါ်မူတည်ကာ အချိန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြန်မာ့ မီးရထားမှ သိရသည်။ 

 

အပိုင်းလိုက်ခွဲဆောင်ရွက် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု အပိုင်းတွင် အပိုင်း(၁)၊ အပိုင်း(၂)နှင့် အပိုင်း(၃) ဟူ၍ သုံးပိုင်းခွဲကာ ဆောင်ရွက်လျက်ရှိပြီး အပိုင်း(၁)တွင် တညင်းကုန်း- အင်းစိန်လမ်းပိုင်း၊ အပိုင်း (၂)တွင် အင်းစိန်- ကြည့်မြင်တိုင်လမ်းပိုင်းနှင့် အပိုင်း(၃)တွင် ကြည့်မြင်တိုင်- ရန်ကုန် (ဘုရား လမ်း) အပိုင်းဟူ၍ အပိုင်းလိုက်ခွဲကာ အဆင့် မြှင့်တင်လျက်ရှိသည်။ အလားတူ ရန်ကုန်မြို့ပတ် (အရှေ့ဘက်ခြမ်း) တွင်လည်း အပိုင်း(၁)နှင့် အပိုင်း (၂)ဟူ၍ ခွဲကာ တညင်းကုန်း-ပုရွက် ဆိတ်ကုန်းအပိုင်းနှင့် ပုရွက်ဆိတ်ကုန်း-ရန်ကုန် (ပုဇွန်တောင်)ဟူ၍ အပိုင်းလိုက်ခွဲကာ အကောင် အထည်ဖော် အဆင့်မြှင့်ဆောင်ရွက်လျက် ရှိသည်။ 

 

 

ရန်ကုန်မြို့ပတ်ရထားကို နေ့စဉ်နီးပါး လိုက်ပါစီးနင်းလျက်ရှိသော အင်းစိန်မြို့နယ်မှ ကိုမြင့်သူက ''မြို့ပတ်ရထားက အရင်ကနဲ့စာရင် တော့ အချိန်အားဖြင့်လည်း တိကျလာတယ်။ သတ်မှတ်အချိန်ထက် နောက်ကျတာတော့ မရှိ သလောက်ဖြစ်လာပါတယ်။ ပြီးတော့ ပြေးဆွဲပေးတဲ့ ရထားအနေနဲ့လည်း လက်ယာရစ်ရော၊ လက်ဝဲ ရစ်ပါ ရထားတစ်စင်းနဲ့တစ်စင်းက သိပ်ကွာဟမှု မရှိတော့တာ တွေ့ရတယ်။ ပြောရရင် မြို့တွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေထက်တောင် မြန်လာတာကို တွေ့ရတယ်။ ဒါကြောင့်လည်း မြို့ပတ်ရထားကို ခရီးသည်တွေ ပိုမိုစီးနင်းလာ ကြတာကို တွေ့ရတယ်။ တစ်ခါတလေဆို ပြည်ပ ခရီးသည်တွေတောင် အုပ်စုလိုက် လိုက်ပါစီးနင်း လာတာကိုတွေ့ရတယ်'' ဟု ပြောသည်။ 

 

စိတ်ချမ်းမြေ့မှုပေးနိုင်တော့မည် မြန်မာ့မီးရထားအနေဖြင့် ယခုအခါ မြို့ပတ် ရထားဘူတာ ၃၈ ဘူတာရှိပြီး ဆင်ခြေဖုံးဘူတာ ၁၇ ဘူတာရှိကာ စုစုပေါင်း အရှည်မိုင် ၂၉ ဒသမ ၅ မိုင်ရှည်လျားကြောင်း သိရသည်။ ယင်းသို့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု အပိုင်းတွင် ပြည်ထောင်စုဘတ်ဂျက်မှ ငွေ$ကျပ် ၅၄ ဒသမ ၅၁၄ ဘီလီယံ စိုက်ထုတ်သုံးစွဲသွားမည် ဖြစ်ပြီး ပြည်ပချေးငွေအနေဖြင့် ဂျပန်နိုင်ငံမှ ODA Loan အနေဖြင့် ဂျပန်ယမ်းငွေ ၂၄ ဒသမ ၈၆၆ (ဘီလီယံ အမေရိကန်ဒေါ်လာ ၂ဝ၇ မီလီယံ) ဖြင့် အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ယင်းအဆင့် မြှင့်တင်မှု အပိုင်းတွင် မြို့ပတ်ရထားနှင့်ဆိုင်သော အကြောင်းအရာများကို ကဏ္ဍအလိုက် ခွဲခြား လုပ်ဆောင်သွားမည်ဖြစ်၍ မြန်မာ့မီးရထား အနေဖြင့် အနာဂတ်တွင် ပြည်သူများအတွက် နိုင်ငံတကာ မြို့ပတ်ရထားများကဲ့သို့ အမှန် တကယ် စိတ်ချမ်းမြေ့မှုပေးနိုင်မည့် အလားအလာ ဖြစ်လာမည်ကို စောင့်မျှော်ကြရတော့မည် ဖြစ်ပါကြောင်း။ 

 

မောင်စိန်လွင်