ရန်ကုန်မြို့ အောင်ဆန်းကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် (၁၆)ခုတင်ဆံ့၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံများ၊ ဗိသုကာပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၈ ဇူလိုင်

 

ရန်ကုန်မြို့ အောင်ဆန်းကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် (၁၆)ခုတင်ဆံ့၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံများ၊ ဗိသုကာ ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က အဖွင့်အမှာစကား ပြေကြားရာတွင် မြန်မာနိုင်ငံ၏ အထင်ကရ အားကစားကွင်းတစ်ခုဖြစ်သော အောင်ဆန်းအားကစားကွင်းကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေးတွင် အဆောက်အဦများကြံ့ခိုင်မှု ရှိ/မရှိကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနသို့ အကူအညီတောင်းခံစစ်ဆေးမှု ပြုလုပ်ရာ (၇၀)ရာခိုင်နှုန်း ကြံ့ခိုင်မှုမရှိ၍ အသုံးပြုရန် မသင့်တော်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အောင်ဆန်းအားကစားကွင်းကြီးအား အဆင့်မှီပြန်လည်မွမ်းမံနိုင်ရေး (သို့မဟုတ်) အသစ်ပြန်လည် တည်ဆောက်နိုင်ရေး ကိစ္စရပ်များအား တက်ရောက်လာသော ပညာရှင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုက်နယ်ဆေးရုံများ ဖြစ်ကြသော ခုတင်(၁၆)နှင့် ခုတင်(၂၅)ဆေးရုံများသည် အင်မတန်ရိုးရှင်းသောဆေးရုံပုံစံ ဖြစ်နေ၍ ခေတ်စနစ်နှင့် အညီနေရာဒေသနှင့် ကိုက်ညီမည့် ပုံစံဒီဇိုင်းအသစ်ဖြင့် (International) အဆင့်မှီကုသမှု ဆောင်ရွက်နိုင်ရေးအတွက် ပုံစံသစ်ဒီဇိုင်းရရှိနိုင်ရေးတွင် ပြိုင်ပွဲပြုလုပ်နိုင်ရေး ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ အောင်ဆန်းအားကစားကွင်းသည် မြန်မာ့အားကစား သမိုင်းတစ်လျှောက် အားကစားနည်းပေါင်းစုံ မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ်ပေးခဲ့ပြီး အာရှအဆင့်ရွှေတံဆိပ်၊ အရှေ့တောင်အာရှအဆင့် ရွှေတံဆိပ်ဆုရှင်များ မွေးထုတ်ပေးခဲ့သော သမိုင်းဝင်ကွင်းကြီးဖြစ်ပါကြောင်း၊ အဆိုပါကွင်းကြီး ခမ်းနားစွာ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးကြပါရန် ပြောကြားသည်။

 

ယင်းနောက် အားကစားကွင်း/ရုံဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဦးကျော်ဇေယျနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆောက်လုပ်ရေးအကြံပေး ဦးသိန်းဇော်တို့က လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးသည်။

 

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော အဆောက်အဦ ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် (ဗိသုကာ) ဒေါ်အယ်နန်းအိန်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥက္ကဋ္ဌ ဦးဆန်းဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက အောင်ဆန်းအားကစားကွင်း ပြုပြင်တည်ဆောက်ရာတွင် အသစ်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းအားသာချက်/ အားနည်းချက်များ၊ အောင်ဆန်းကွင်း ပြန်လည်တည်ဆောက်ရေး ထည့်သွင်းစဉ်းစားရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လည်းကောင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှု (Project) အစီအမံများဖြင့်လည်းကောင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် သတ်မှတ် ပေးထားသော အချက်အလက်များနှင့် ကိုက်ညီစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံ ပြီးလုပ်ကိုင်နိုင်မှု အခွင့်အရေးရရှိရေး၊ တည်ဆောက်ပြုပြင်ပြီးစီးပါက ပြည်သူများအတွက် အကျိုးပြုမှုရရှိစေရေး၊ နိုင်ငံတကာစံနှုန်းနှင့်အညီ ခေတ်မှီကားပါကင်များ၊ ဈေးဆိုင်များ စနစ်တကျရှိစေရေး၊ ပြည်ပရင်းနှီးမြုပ်နှံမှုအား (BOO)ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြကာ ခုတင်(၁၆)နှင့် ခုတင်(၂၅)ဆေးရုံအသစ် တည်ဆောက်ရာတွင် တည်ဆောက်မည့်ဒေသ၊ အခြေအနေ၊ နိုင်ငံတကာစံနှုန်းနှင့် ပြည်သူများအားကုသမှု၊ ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်မည့် အခြေအနေ၊ ထည့်သွင်းစဉ်းစား၍ ပုံစံဒီဇိုင်းများ ရရှိစေရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

သတင်းစဉ်