ရန်ကုန်လိုင်စင်ချထားပေးမှု မရှိသေးခြင်းကြောင့် တစ်ပတ်ရစ်ကားဈေးကွက် ပြန်လည်အရောင်းအဝယ်ဖြစ်

မင်းသော်

ရန်ကုန် လိုင်စင်ကို ဝိုင်ဗီကျူစီစနစ်ဖြင့် ချထား ပေးမည်ဆိုသည့် သတင်းများ ပြန်လည် ငြိမ်သက်သွားခြင်းကြောင့် တစ်ပတ်ရစ် ဂျပန်ကား အရောင်းဈေးကွက်တွင် အရောင်းအဝယ် ပြန်လည်အားကောင်းလာခဲ့ပြီး နယ်ဝယ်လက်များကလည်း ပြန်လည်လာရောက်ကြလျက် ရန်ကုန်ကားဈေးကွက်သည် အတော်လေး အရောင်းအဝယ်သွက်ခဲ့ကြောင်း ကားလောက သားများထံမှ သိရသည်။

 

“ကားဈေးကွက်က ထူးဆန်းတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကားဈေးရော၊ အရောင်းအဝယ်ဖြစ်တာရော အပြောင်းအလဲမြန်တယ်။ ဒါပေမယ့် သီတင်းတစ်ပတ်ကျော်အထိ ငြိမ်သက်နေပြီး ဘယ်လိုသတင်းစကားအသစ်မျိုးမှ မကြားမိတော့ဘူးဆိုရင် အရောင်းအဝယ် က ပြန်လိုက်လာရော။ အခုလည်း ရန်ကုန်လိုင်စင်ချပေးမယ်ဆိုတဲ့ သတင်းက ဇန်နဝါရီ လဆန်းမှာ စပြီးထွက်ပေါ်လာတယ်။ ဒါပေမယ့် လလယ်ပိုင်းမှာ သတင်းစကားက ငြိမ်သက် သွားတယ်။ ဘယ်လိုထုတ်ပြန်မှုမျိုးမှလည်းမရှိ လာတဲ့အတွက် ဇန်နဝါရီလကုန်ပိုင်းမှာတော့ အရောင်းပြန်တက်လာတယ်။ ဝယ်ယူမယ့်သူ တွေကလည်း စောင့်ကြည့်ရတာ နည်းနည်း ကြာလာတော့ လိုအပ်တဲ့သူတွေဝယ်ကြရင်းနဲ့ ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာတယ်” ဟု ကားဝယ်ရောင်း ကိုသစ္စာက ပြောသည်။

ယခုသီတင်းပတ်အတွင်း ဂျပန်တစ်ပတ်ရစ် ကားများအနက် အင်ဂျင်ပါဝါ ၁၈၀ဝ စီစီမှ ၂၅၀ဝ စီစီအကြား မော်တော်ကားများအရောင်းအဝယ် ပိုဖြစ်လာ ပြီး နယ်ဝယ်လက် အများစုကလည်း အကြမ်းခံ၊ ဖိုးဝှီး၊ အော်တိုဂီယာ မော်တော်ကားများ ပိုမိုအမေးများ၊ အရောင်းသွက်လာကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

ကားဈေးအပြင် ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုအတွက် စလစ်များသည်လည်း အရောင်း ပြန်လည်အားကောင်းလာသည်ကို မြင်တွေ့ရသည်။ “ဈေးက ကြိုက်ရောင်း ကြိုက်ဝယ်ပါပဲ။ ဈေးကတော့ သက်တမ်း နှစ် ၂၀ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုစနစ်က ငွေကျပ်သိန်း ၁၃၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဝယ်သူအများစုက ဈေးကစားဖို့ထက် တကယ်ကို တင်သွင်းနိုင်မယ့်သူတွေလည်း ပါဝင်လာနေတယ်”ဟု ကားအရောင်းအဝယ် ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်ဆုံး မော်တော်ကားများမှာ ပရိုဘောက်စ်၊ စီအာရ်ဗွီ၊ ဒပ်ဗယ်ပစ်ကပ်၊ ဟိုက်ဂျက်၊ ကာဒီးနား၊ ဟိုက်အေ့စ်၊ စူပါကပ်စတန် စသည့် ကားအမျိုးအစားများဖြစ် သည်ဟု ကားအရောင်းအဝယ် ဈေးကွက်အတွင်း မှ သိရသည်။

“အဓိကကတော့ အခုရာသီက ကားဈေးကွက် အရောင်းသွက်တာကြောင့်လည်း ဖြစ်မှာပါ။ နယ်ဝယ်လက်ကလည်း ဒီလိုအချိန်မှာ ရန်ကုန်ဈေးကွက်ကို တော်တော်လေးဆင်းလာ ကြတယ်။ ဒီနှစ်ဆိုရင် ပိုပြီးနယ်စုံတယ်။ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးနေတာကြောင့်လည်း လိုင်စင်ကားတွေဆီကို ပိုပြီးအကြိုက် လှည့်လာတာလည်း ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ နယ်ဝယ်လက်အတွက်ဆိုပြီး နယ်ကားတွေလည်း အတော်လေးတွေ့ရတယ်။ အားလုံးက ဈေးမာပေမယ့် အရောင်းအဝယ်ဖြစ်နေကြတာမျိုးရှိတယ်” ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်း က ပြောသည်။

တစ်ဖက်တွင်လည်း ကားကုမ္ပဏီများစွာ ပါဝင်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲ ၂၀၁၉ ကို ယခုလကုန်ရက်များတွင် ကျင်းပလျက်ရှိသည်။ သို့သော် ယင်းပြပွဲတွင် အချို့ အမှတ် တံဆိပ်များ၏ ကားသစ်များ၏ ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေရခြင်းကြောင့်လည်း တစ်ပတ်ရစ်ကားဈေးကွက်ကို ပြန်လည်စိတ်ဝင် စားလာကြခြင်းဖြစ်နိုင်ကြောင်း ကားဝယ်ရောင်းများက ဆိုသည်။

အဆိုပါပြပွဲသည် နိုင်ငံတကာအဆင့် ပြသသည့် ကားပြပွဲတစ်ခုလည်းဖြစ်ပြီး နာမည်ကျော် ကားအမှတ်တံဆိပ် များစွာက အထူးနှုန်းမျိုးစုံ၊ ဝယ်ယူမှုပုံစံ မျိုးစုံဖြင့် နောက်ဆုံးပေါ် ကားသစ်များကို ပြသရောင်းချပေးခဲ့ခြင်းဖြစ်သည်။ သို့သော် မျှော်မှန်းသလောက်တော့ အရောင်းအဝယ် မဖြစ်ခဲ့ကြောင်း နာမည်ကျော် ကားကုမ္ပဏီတစ်ခုတွင် အရောင်းမြှင့်တင်ရေး တာဝန်ယူထားသည့် ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်ကို ဒီဇင်ဘာ ၂၇ ရက်အထိ လျှောက်ထားခွင့်ပြုခဲ့သော်လည်း တစ်ဦးချင်း စလစ်ကပ်ပါမစ် လျှောက်ထားသူများသည် သုံးလအပြင် နောက်ထပ် သက်တမ်းသုံးလ တိုးမြှင့်ပေးထားသည်ကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားခြင်းကြောင့် စလစ်ဈေးနှုန်းများ ကျဆင်းလာဦးမည်မဟုတ်ဟု ကျွမ်းကျင်သူများ ထံမှ သိရသည်။

မူလက ရန်ကုန်လိုင်စင်ကို သတ်မှတ်ချက် တစ်ခုဖြင့် ချထားပေးရန်အတွက် ယခုလဆန်းတွင် သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ဦးဆောင်ရေးဆွဲသူ အပြောင်းအလဲကြောင့် ထပ်မံကြန့်ကြာနိုင်သေးကြောင်း ခန့်မှန်းကြသူများကိုလည်း မြင်တွေ့ရသည်။ “တစ်ပတ်ရစ်ကားတွေအတွက်တော့ တော်တော်လေး လုပ်သာကိုင်သာရှိသွားတယ်။ ကားသစ်ဈေးတွေကလည်း အနည်းငယ်တက်ကြတယ်။ ဒါပေမယ့် လက်ရှိ အချိန်ဝယ်မယ်ဆိုရင်တော့ နှစ်သစ်ကူးပရိုမိုးရှင်းကြောင့် တက်ဈေးတော့ မဝယ်ရသေးပါဘူး။ ဒါပေမယ့်လည်း ကားချင်းယှဉ်လာရင်တော့ ဝယ်လက်အများစုက ကားသစ်တွေကို စိမ်းနေကြတုန်းပဲ” ဟု ကားအရောင်းအဝယ်လုပ်ငန်း နှင့် ကားတင်သွင်းမှုများ လုပ်ကိုင်နေသူ ကိုမျိုး သန့်ဇင်က ပြောသည်။

မြန်မာ့အလင်း

 

mdn