ရေနံဓာတ်ငွေ့ရည်ကို စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် လူနေအဆောက်အဦများတွင် အသုံးပြုလို သူများအတွက် လိုင်စင်(ဆ)အဖြစ် သတ်မှတ်ထုတ်ပေးရန် စည်းကမ်းချက်များ သတ်မှတ်ပြီးဖြစ်

mdn

နေပြည်တော်  ၇  ဇွန်

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း (၅/၂၀၁၈)အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ရေနံဓာတ်ငွေ့ရည် လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို စနစ်တကျ ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရန်နှင့် ထိရောက်စွာ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် လိုင်စင်အမျိုးအစား (၆)မျိုးအထိ ခွဲခြားသတ်မှတ်၍ စိစစ်ခွင့်ပြုခဲ့ပါကြောင်း။

 

ထို့ပြင် ရေနံဓာတ်ငွေ့ရည်ကို စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် လူနေအဆောက်အဦများတွင် အသုံးပြုလို သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် စနစ်တကျသုံးစွဲနိုင်ရန် ရည်ရွယ်၍ ပိုက်လိုင်းကွန်ယက်စနစ် တပ်ဆင်အသုံးပြုခြင်းကို လိုင်စင်(ဆ)အဖြစ် သတ်မှတ်ထုတ်ပေးရန် စည်းကမ်းချက်များ သတ်မှတ်ပြီးဖြစ် ပါကြောင်း။

 

ယူရီးယား ဓာတ်မြေသြဇာစက်ရုံများ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ အနေဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောင်ရှိ ဓာတ်မြေသြဇာစက်ရုံ (၅)ရုံရှိသည့်အနက် အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)နှင့် အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) စက်ရုံများတွင် သဘာဝဓာတ်ငွေ့ ရှိမှုအခြေအနေအရ ပျမ်းမျှတစ်နေ့လျှင် ယူရီးယား ဓာတ်မြေသြဇာ ၃၀ဝ မက်ထရစ်တန်ခန့် ထုတ်လုပ်လျက်ရှိရာမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ရရှိမှုနှင့် စက်များ ပြုပြင်ပြီးစီးမှု အခြေအနေအရ ယခုအချိန်တွင် တစ်ရက်ပျမ်းမျှ ၃၂၅-၄၀ဝ မက်ထရစ်တန်ခန့် ထုတ်လုပ်လျက်ရှိပါကြောင်း။  

 

၂၀၂၀ ခုနှစ်တွင် LNG တင်သွင်းပြီး သဘာဝဓာတ်ငွေ့ပိုမိုရရှိပါက ယူရီးယား ဓာတ်မြေသြဇာ ပိုမိုထုတ်လုပ် သွားနိုင်မည်ဖြစ်ပြီး အမှတ်(၁) ဓာတ်မြေသြဇာစက်ရုံ(စလေ)၊ အမှတ်(၂) ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း)၊ အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)တို့တွင်လည်း ဓာတ်မြေသြဇာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် LOEI ခေါ်ယူသွားမည်ဖြစ်ပါကြောင်း။

 

ပြည်တွင်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေခြင်းကို လျော့ချနိုင်ရေးအတွက် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒ စက်ရုံစု(သံပရာကန်)မှ ထွက်ရှိသော ဓာတ်ဆီ ဂါလန် (၃)သန်းကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းသို့ ဓာတ်ဆီ တစ်ဂါလန်လျှင် ငွေကျပ် ၃၂၀ဝ နှုန်းဖြင့် ဧပြီ ၂၄ ရက်မှ စတင်၍ ဖြန့်ဖြူးရောင်းချပေးခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်းနှင့် ဖားကန့်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ အင်အားတိုးမြှင့်ခြင်းနှင့် ဓာတ်အားလိုင်းအသစ်များ တည်ဆောက်နေမှု၊ အလင်းရောင်စီမံချက် One Stop Service (OSS) စနစ်ဖြင့် အိမ်သုံးမီတာများကို နေ့ချင်းပြီး တပ်ဆင်ပေးနေမှု၊ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ပတ်သက်၍ ကြိုးပမ်းဖြေရှင်း ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု၊ စစ်တောင်းမြစ်ဖြတ် ၂၀ လက်မ ပိုက်လိုင်း HDD (Horizontal Directional Drilling) တူးဖောက်ဆက်သွယ်မှု၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းများအား လေ့ကျင့် သင်ကြားပေးနေမှု၊ ရေနံဓာတ်ငွေ့ရည်ကို CSR လုပ်ငန်းများ အတွက်ဖြန့်ဖြူးမှု၊ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်အခြင်အတွယ် ပြည့်မီမှုမရှိဟု သံသယရှိပါက ဝယ်ယူသုံးစွဲသူ ပြည်သူလူထုအနေဖြင့် ဆိုင်ရှိစံခွက်ဖြင့် အချိန်မရွေး စစ်ဆေးနိုင်ပြီး အခြင်အတွယ် မပြည့်ဝကြောင်း တိုင်ကြားပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ၎င်းကရှင်းလင်း ပြောကြားသည်။ 

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်၊ ဦးစိုးမြင့်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

(သတင်းစဉ်)