ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၄

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ နံနက် ၇ နာရီတွင် ကမာရွက်မြို့နယ် ၃ ရပ်ကွက် ဗဟိုလမ်း (ခိုင်ရွှေဝါလမ်း)နှင့် လင်းရောင်ခြည်လမ်း ရေမြောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြောင်းအတွင်းရှိ အမှိုက်နှင့် နုန်းများ မြောင်းဖုံးဖွင့်၍ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှည်းတန်းလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ ကမာရွတ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ဌာနအလိုက် ခရိုင်တာဝန်ခံရုံးများ နေရာချထားမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ဌာနအလိုက် ခရိုင်တာဝန်ခံရုံးများ စုဖွဲ့ပြီး One Stop Service ဆောင်ရွက်ရန်နှင့် ရုံးအတွင်း သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ အနောက်ဗဟိုလမ်းရှိ ချမ်းမြေဂုဏ်ဝေ ပရိယတ္တိသီလရှင်စာသင်တိုက်ကြီးသို့ သွားရောက်၍ စာသင်တိုက်ဝင်းအတွင်း ရေမြောင်းများမှ နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် စာသင်တိုက်မှ သမိုင်းချောင်းအတွင်း စီးဝင်သည့် မြောင်းဟောင်းသို့ ဆက်သွယ်မည့် အုတ်ရေမြောင်း တည်ဆောက်ရန် မြေသားမြောင်းဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စာသင်တိုက်ဝင်း အတွင်း/အပြင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောလျင်စွာ ပြီးစီးရေးဆောင်ရွက်ရန် မှာကြားသည်။

 

သတင်းစဉ်