RE-EXPORT သကြား ပြည်တွင်းဈေးကွက်မထိခိုက်အောင် ဆောင်ရွက်ပေးစေလို

mdn

မန္တလေး ၂၁ မေ

 

Re-export သကြားတင်သွင်းခွင့်ပြုပါက ပြည်တွင်းသကြားဈေးကွက်အား ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

 

ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့်နိုင်ငံများမှ သကြားများတင်သွင်းပြီး တရုတ်နိုင်ငံကို Re-export အနေဖြင့် ပြန်လည်တင်ပို့ကြသည်။

 

Re-export သကြားတင်သွင်းရာမှာ ပြည်တွင်းဈေးကွက်တွင် လုံးဝမဖြန့်ပဲ ရန်ကုန်ဆိပ်ကမ်းမှ မူဆယ်ဂိတ်အထိ သယ်ယူပို့ဆောင်ကာ တရုတ်နိုင်ငံသို့ အရောက်ပို့နိုင်ရေး အာမခံချက်ပေးရန် လိုအပ်ကြောင်း ၊ Re-export အမည်ခံကာပြည်တွင်းဈေးကွက်တွင် ရောင်းချနေမှုများ ကာကွယ်ရန်နှင့် ကြံစိုက်တောင်သူများ၏ ကြံဈေးနှုန်းကို ကာကွယ်ရန်လိုအပ်သည်ဟု ဆိုသည်။

 

‘၂၀၁၆-၁၇ မှာအဓိကဖြစ်ခဲ့တာက re-export ခေါင်းစဉ်နဲ့ တင်သွင်းလာပြီး တရုတ်ပြည်ကို ပို့သာပို့တယ် တော်တော်များများက ပြည်တွင်းကိုရောင်းချနေတယ်။ ရောင်းတဲ့အခါ ၂၀၁၇ ဧပြီလောက်မှာ တရုတ်က ပိတ်လိုက်တဲ့အခါ တော်တော်များများ လက်ထဲကျန်တယ်။ ကျန်လိုက်တဲ့အခါ စက်ရုံအလုပ်ရုံတွေအတွက်  လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်မှုဖြစ်လာတယ်။  ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးတဲ့အခါ မူဆယ်ကို ရောက်သွားရင် ကျေနပ်ပြီ။ ပြည်တွင်းမှာချ မရောင်းရင် ကျေနပ်ပြီ။ ထရိတ် အနေနဲ့သွားရင်ရပြီ။ ထရိတ်အနေနဲ့သွားရင် ကန့်ကွက်စရာမရှိဘူး’ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

 

ကြံစိုက်တောင်သူများ၊ သကြားစက်ရုံများ၊ သကြားအခြေခံ စားသောက်ကုန် ထုတ်လုပ်သူများ အကြားတွင် ဟန်ချက်ညီသော ကြံ၊ သကြားဈေးနှုန်းတို့ကို ထိန်းကျောင်းနိုင်ရန် လိုအပ်သည်။ ယခုအခါ ကြံ၊ သကြားလုပ်ငန်းက ကြံတောင်သူကို ပေးသော ကြံဈေးနှုန်းမှာ ကြံတစ်တန်ကို ၄၇၀ဝ၀ ကျပ်အထိ ရောက်ရှိနေကြောင်း၊ ထိုင်းနိုင်ငံတွင် ကြံတစ်တန် ပေါက်ဈေးမှာ မြန်မာငွေ ၄၃၃၅၀ ကျပ် ခန့်သာရှိကြောင်း သိရသည်။

 

‘သကြားဈေးတည်ငြိမ်အောင် မထိန်းကြောင်းနိုင်ရင် ဒီမှာရှိတဲ့ စက်ရုံတွေက သကြားတစ်မျိုးပဲ ထုတ်တာကိုး သကြားဈေး မတည်ငြိမ်ရင် ကြံဈေးလည်း တည်ငြိမ်ဖို့မလွယ်ဘူး။ ကြံဈေးမတည်ငြိမ်ရင် ကြံစိုက်တောင်သူကလည်း တခြားယှဉ်ပြိုင်သီးနှံ ထက်စာရင် ဈေးကောင်းရတာ ပဲစိုက်မှာပေါ့’ ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောသည်။

 

သကြား Re-export စနစ်ကို နိုင်ငံတော်သမ္မတရုံးခွင့်ပြုချက်ဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ Re-export စတင်ခွင့်ပြုသည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် သကြားတန်ချိန် ခုနှစ်သိန်းကျော် တင်ပို့ခဲ့သည်။

 

Re-export သကြားများကို ပြည်တွင်းတွင်ရောင်းချသည့်အတွက် မြန်မာ့ကြံ၊ သကြားလုပ်ငန်းများမှာ စိန်ခေါ်မှုများရင်ဆိုင်နေရသလို  ကြံသီးနှံကို လွတ်လပ်စွာ စိုက်ပျိုးခွင့်ဆိုင်ရာ အကျပ်အတည်း၊ စီးပွားရေး တွက်ချေကိုက်အောင် ဆောင်ရွက်နိုင်သည့် စက်ရုံအရွယ်အစားတိုးချဲ့ရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု အခက်အခဲ၊ တရုတ်နိုင်ငံသို့ သကြား တရားဝင်တင်သွင်းခွင့်ရရန် Tariff Rate Quota ရအောင်ညှိနှိုင်းရေးအတွက် အရည်အသွေး အစစ်ဆေးခံ ၊ SPSS လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်ရေးဆိုင်ရာ နည်းပညာအကျပ်အတည်း၊ သကြားအပြင် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဇီဝအီသနော အဟန့်အတားများနှင့် မြေသြဇာအမယ်စုံ ထုတ်လုပ်ရေးဆိုင်ရာ အဟန့်အတားများ ဖြင့်လည်းရင်ဆိုင်နေရသေးကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် သကြားစက်ရုံ ၂၂ ရုံ ရှိသည့်အနက် အထက်ပိုင်းတွင်ရှိသည့် သကြားစက်ရုံကြီးနှစ်ခု သာလျှင် စံချိန်မီ ထုတ်လုပ်နိုင်ပြီး ကျန်ရှိသည့် သကြားစက်ရုံ ၂၀ ခန့်မှာ ယှဉ်ပြိုင်စွမ်းအား မြှင့်တင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်