ရာသီဥတုဆိုးရွားမှုကြောင့် ဈေးကုန်းဆရာတော်ဘုရားကြီးနှင့် အလှူရှင်များလိုက်ပါလာသည့် တပ်မတော်လေယာဉ် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ

နေပြည်တော် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သုံးထောင်ကျေးရွာအုပ်စု ကျောက်ဖျားဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမ ဈေးကုန်း ပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား ကျင်းပြလုပ်ရန်အတွက် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ အပါအဝင် သံဃာနှင့်အလှူရှင် ရှစ်ဦးလိုက်ပါလာသည့် တပ်မတော်လေယာဉ်သည် ယနေ့ နံနက် ၇ နာရီခန့် တွင် နေပြည်တော်လေဆိပ်မှ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်)သို့ ထွက်ခွာလာရာ နံနက် ၈ နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် လေဆိပ်အနီး ပြင်ဦးလွင်သံမဏိစက်ရုံ၏ အရှေ့တောင်ဘက် မီတာလေးရာခန့်အကွာခန့်မှန်းမြေပုံအညွှန်း (ကေအီး-၃၃၄၃၃၂) အရောက်တွင် ဆက်သွယ်မှုပြတ်တောက် ပျက်ကျခဲ့သည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မောင်ပိုင်ဘုန်းပြည့်နှင့် တပ်ကြပ်ကြီးကောင်းစံဝင်း (ဦးခေါင်းထိခိုက်ဒဏ်ရာရရှိ) တို့နှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ သို့ ပို့ဆောင်ဆေးဝါးကုသပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။